အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန် ကနေ ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ အပြီးသတ် ပြောင်းရွှေ့ဖို့ အတွက် အင်္ဂလန်နိုင်ငံမှာ ဆေးစစ်မှုတွေ လုပ်ဆောင်နေတဲ့ ဂိုးသမား အိုနာနာကတော့ သူဟာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ချန်ပီယံလိဂ် ဆုဖလားကို ကိုင်မြှောက်ခွင့် ရဖို့ မျှော်လင့်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် အိုင်ဗရီကို့စ်ကြယ်ပွင့် ဂိုးသမား အိုနာနာက ပြီးခဲ့တဲ့ ၂၀၂၂ နွေဈေးကွက်မှာမှ အေဂျက်ကနေ အင်တာမီလန်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပေမယ့် သူက အင်တာမီလန်ဆီ ရောက်ရောက်ချင်းမှာပဲ အသင်းရဲ့ နံပါတ်(၁) ဂိုးသမား ဖြစ်လာသလို အသင်းကို ကိုပါအီတာလီယာ ချန်ပီယံ ဖြစ်အောင်လည်း ကူညီနိုင်ခဲ့ပါတယ်။

Photo Credit: Football 365

အိုနာနာက ဘောလုံးကိုင် ကစားရာမှာ ထူးချွန်တဲ့ ထိပ်တန်း ဂိုးသမား တဦး ဖြစ်ပြီး သူ့ရဲ့ ဘောလုံးပေးပို့မှုနဲ့ လက်စွမ်းတွေက ကမ္ဘာ့အဆင့်မှာ ရှိတာကြောင့် သက်တော်ရှည် ဂိုးသမား ဒီဂီယာနဲ့ လမ်းခွဲခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်က အိုနာနာကို ခေါ်ယူဖို့ စီစဉ်ခဲ့တာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကို ဦးဆောင်နေတဲ့ နည်းပြချုပ် အဲရစ် တန်ဟက်ဂ်က အိုနာနာရဲ့ ဆရာရင်း ဖြစ်တာကြောင့် အိုနာနာက သူ့ဆရာရဲ့ ကမ်းလှမ်းမှု ရောက်လာချိန်မှာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ချက်ချင်း ခေါင်းညိတ်ခဲ့သလို မန်ချက်စတာ ယူနိုက်တက်က အိုနာနာအတွက် အင်တာမီလန်ထံ ကနဦး ပြောင်းရွှေ့ကြေး ယူရို ၅၁သန်း + အပိုဆုကြေး ယူရို ၄သန်း ပေးချေဖို့ သဘောတူခဲ့ပါတယ်။

Photo Credit: Football Transfer

လက်ရှိမှာ အိုနာနာက မန်ချက်စတာ ယူနိုက်တက်နဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ ကာရင်တန် လေ့ကျင့်ရေးကွင်းဆီ ရောက်ရှိနေပြီး နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ အိုနာနာက သူဟာ အင်တာမီလန်နဲ့အတူ ရရှိဖို့ နီးစပ်ခဲ့တဲ့ ချန်ပီယံလိဂ် ဆုဖလားကို မန်ချက်စတာ ယူနိုက်တက်နဲ့အတူ ကိုင်မြှောက်ခွင့် ရဖို့ မျှော်လင့်ထားကြောင်း ဆိုလာပါတယ်။

အိုနာနာက – “ကျွန်တော်က အတွေ့အကြုံသစ်တွေကို ဖြတ်ကျော်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ပြီးတော့ ကျွန်တော့်ရဲ့ လက်ဦးဆရာနဲ့ ပြန်လည် လက်တွဲခွင့် ရတော့မှာမို့လို့ စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်က အမြဲတမ်း စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်နေတဲ့ လူတယောက်ပါ။ ဒါကြောင့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားခွင့် ရဖို့နဲ့ မန်ချက်စတာ ယူနိုက်တက် အတွက် ကိုယ်စားပြု ကစားခွင့် ရမယ့် အခွင့်အရေးမျိုး ရလာချိန်မှာ မငြင်းဆန်နိုင်ခဲ့ပါဘူး။ ကျွန်တော်က ယူနိုက်တက်နဲ့အတူ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်ခွင့် ရဖို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။