ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ အိုနာနာက သူ့ရဲ့ စံပြကစားသမားဟာ ဘိုင်ယန်မြူးနစ်နဲ့ ဂျာမဏီတို့ရဲ့ အဓိက ဂိုးသမား နူအာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ကင်မရွန်းလက်ရွေးစင် ဂိုးသမား အိုနာနာက ပြီးခဲ့တဲ့ နွေဈေးကွက်မှာမှ အီတလီ ထိပ်သီးကလပ် အင်တာမီလန် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ယူနိုက်တက်က သူ့အတွက် အင်တာမီလန်ထံ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ပေးချေခဲ့ရပါတယ်။

Photo Credit: Standard

အိုနာနာက မန်ချက်စတာ ယူနိုက်တက်ဆီ ရောက်ရှိကာစမှာ လက်စွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပေမယ့် ရာသီဝက် ကျော်လာပြီးနောက် သူ့ရဲ့ အကောင်းဆုံး လက်စွမ်းတွေကို ပြသလာနိုင်ပြီး သူက ယူနိုက်တက်ရဲ့ မတ်လ တလတာ အကောင်းဆုံး ကစားသမားဆုကိုလည်း သိမ်းပိုက် ရရှိထားပါတယ်။

ယူနိုက်တက်ရဲ့ တလတာ အကောင်းဆုံး ကစားသမားဆုကို လက်ခံ ရယူရင်း ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သတင်းထောက်က သူ့ရဲ့ စံပြကစားသမားက ဘယ်သူလဲလို့ မေးမြန်းခဲ့ရာ အိုနာနာက သူ့ရဲ့ စံပြကစားသမားဟာ နူအာ ဖြစ်ပြီး သူက နူအာရဲ့ ကစားပုံတွေကို လေ့လာရင်းနဲ့ အခုလို ထိပ်တန်း ဂိုးသမား တဦး ဖြစ်လာခဲ့တာပါလို့ ဖြေဆိုသွားခဲ့ပါတယ်။

Photo Credit: Tribuna

အိုနာနာက – “ကျွန်တော့်ရဲ့ ဘောလုံးသူရဲကောင်းက နူအာပါ။ သူ့ကြောင့်ပဲ ကျွန်တော်က ကျွန်တော့်ရဲ့ ကစားပုံကို ပြောင်းလဲဖြစ်ခဲ့တာပါ။ ကျွန်တော်က နူအာ တယောက် ဘရာဇီးလ်မြေမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကစားတာကို ကြည့်ခဲ့တဲ့ အချိန်ကို မှတ်မိနေပါသေးတယ်။ အဲ့ဒီတုန်းက ကျွန်တော်က သူ့လို ဖြစ်ချင်ခဲ့ပါတယ်။ နူအာလိုမျိုး ထိပ်တန်း ဂိုးသမား တဦး ဖြစ်လာခွင့် ရတဲ့ အတွက် ဘုရားသခင်ကို ကျေးဇူးတင်မိပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

အိုနာနာရဲ့ စံပြကစားသမား နူအာက လက်ရှိမှာ အသက် ၃၈နှစ် ရှိနေပြီ ဖြစ်ကာ နူအာက ဘိုင်ယန်မြူးနစ်နဲ့အတူ ချန်ပီယံလိဂ် ၂ကြိမ် ၊ ကမ္ဘာ့ကလပ်ဖလား ၂ကြိမ် ၊ ဥရောပစူပါဖလား ၂ကြိမ် ၊ ဘွန်ဒက်လီဂါဖလား ၁၁ကြိမ် ၊ ဂျာမန်ပိုကယ်ဖလား ၆ကြိမ် ၊ ဂျာမန် စူပါဖလား ၇ကြိမ်တို့ကို ရယူနိုင်ခဲ့သလို ဂျာမဏီနဲ့အတူ ကမ္ဘာ့ဖလား ၁ကြိမ်ကိုလည်း သိမ်းပိုက် ရယူနိုင်ခဲ့ပါတယ်။