MySport Myanmar

အသင်းဖော် ဂနာချိုကို ကာကွယ် ပြောဆိုမှုတွေ လုပ်ဆောင်သွားခဲ့တဲ့ အိုနာနာ

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂိုးသမား အန်ဒရေ အိုနာနာက သူ့အသင်းဖော် အလက်ဟန်ဒရို ဂနာချိုကို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် FA ကနေ စွဲချက်တင်သွားဖို့ စောင့်ကြည့်နေတယ်ဆိုပြီး သတင်းထွက်ပေါ်လာချိန်မှာပဲ ဂနာချိုဘက်ကနေ ကာကွယ် ပြောဆိုလာခဲ့ပါတယ်။

ကိုပင်ဟေဂင်နဲ့ ချန်ပီယံလိဂ် ပွဲစဉ်ရဲ့ ပွဲပြီးဆုံးခါနီးမှာ ကိုပင်ဟေဂင်ဘက်က ပင်နယ်တီ ကန်သွင်းချက်ကို ကာကွယ်နိုင်ခဲ့တဲ့ ဂိုးသမား အိုနာနာကြောင့် ယူနိုက်တက်တို့ ဒီရာသီ ချန်ပီယံလိဂ်မှာ ပထမဆုံးနိုင်ပွဲ စတင်ပိုင်ဆိုင်ခဲ့ရပြီး ယူနိုက်တက် အသင်းသားတွေကလည်း အိုနာနာနဲ့အတူ အောင်ပွဲခံခဲ့ကြပါတယ်။

Photo Credit : The Independent

ဒီလို အောင်ပွဲခံပြီးနောက် ယူနိုက်တက် တောင်ပံကစားသမားလေး ဂနာချိုက အိုနာနာရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်တဲ့ ဓါတ်ပုံ post တစ်ခုကို twitter မှာ တင်ခဲ့သေးပြီး ဂေါ်ရီလာ emojis တွေကို အဲ့ဒီ post ထဲမှာ ရေးသား ဖော်ပြခဲ့ပါတယ်။

ဒီလို ဖော်ပြမှုဟာ လူမျိုးရေး ခွဲခြားမှုကို ဖြစ်ပေါ်စေနိုင်တာကြောင့် ဂနာချိုက သူရဲ့ twitter post ကို ချက်ချင်း ပြန်ဖျက်ခဲ့ပေမယ့်လည်း FA ဘက်ကတော့ ဂနာချိုအနေနဲ့ ဘာရည်ရွယ်ချက်ကြောင့် အခုလို post မျိုးကို တင်သလဲဆိုတာကို သိရှိလိုတာကြောင့် မန်ယူနိုက်တက်အသင်းထံ ဆက်သွယ်လာခဲ့တယ်လို့ မန်ချက်စတာ ညနေခင်း သတင်းမှာ ဖော်ပြလာပါတယ်။

Photo Credit : talkSPORT

ဒီလို အခြေအနေ ရှိလာတဲ့ ဂနာချိုဘက်ကနေ အိုနာနာက အကာအကွယ်ပေးတဲ့ post တစ်ခုကို ပြန်တင်ရင်းနဲ့ ဂေါ်ရီလာ emojis တွေက သူရဲ့ power နဲ့ strength ကို ရည်ညွန်းထားတယ်ဆိုတာကို သူ အတိအကျသိလို့ ဒီ(လူမျိုးရေးခွဲခြားတယ်လို့ ပြောနေတဲ့ အကြောင်း)ကိစ္စကို ဒီနေရာမှာပဲ ရပ်တန့်သင်ပြီလို့ တုံ့ပြန်သွားခဲ့ပါတယ်။

ကင်မရွန်း လက်ရွေးစင် ဂိုးသမား အိုနာနာဟာ ကိုပင်ဟေဂင်နဲ့ ပွဲစဉ်မှာ အကောင်းဆုံး စွမ်းဆောင်ရည်ကို ပြသခဲ့ရင်း ဒီတစ်ပတ် ချန်ပီယံလိဂ်ရဲ့ Team of the Week မှာပါ ရွေးချယ်ထားခံခဲ့ရပါတယ်။

Exit mobile version