နယ်သာလန် အင်အားကြီးအသင်း ဖြစ်တဲ့ အေဂျက်အသင်းရဲ့ ဂိုးသမား အိုနာနာ ကတော့ ပြင်သစ်လီဂူးရဲ့ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ လိုင်ယွန်အသင်းထံ ပြောင်းရွှေ့ဖို့ နီးစပ်နေကြောင်း သူ့ရဲ့ အေးဂျင့်က အတည်ပြု ပြောကြားသွားပါတယ်။

အသက် ၂၅နှစ် အရွယ် ကင်မရွန်း ဂိုးသမား အိုနာနာဟာ တားမြစ်ဆေး သုံးစွဲမိခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ် ကျခံခဲ့ရသူ တဦး ဖြစ်ပြီး သူ့ရဲ့ ပွဲပယ်ပြစ်ဒဏ်ဟာ လာမယ့် နိုဝင်ဘာလ ရောက်မှသာ ကုန်ဆုံးမှာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ဒါကြောင့်ပဲ အေဂျက်အသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ် ကျန်သေးတဲ့ အိုနာနာကို အရောင်းစာရင်း တင်ခဲ့တာ ဖြစ်ပြီး အိုနာနာကလည်း စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်နိုင်ဖို့ အသင်းသစ်ကို ရှာဖွေနေပါတယ်။

လက်ရှိမှာတော့ အိုနာနာကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်တဲ့ စပါးအသင်း ၊ အာဆင်နယ်အသင်းတို့က စိတ်ဝင်စားနေကြပေမယ့် သူ့ရဲ့ အေးဂျင့်နဲ့သာ ဆက်သွယ်မှုတွေ ပြုလုပ်ထားပြီး အေဂျက်အသင်းနဲ့ တရားဝင် ချိတ်ဆက်မှု လုပ်နေတာကတော့ လိုင်ယွန်အသင်းပဲ ဖြစ်ပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Goal သတင်းဌာနရဲ့ ဖော်ပြချက်အရ အိုနာနာဟာ ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ချင်နေပေမယ့် အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ဟာ သူ့ကို အလွန် နည်းပါးတဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့သာ ခေါ်ယူချင်နေတာကြောင့် အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာဖွယ် မရှိပဲ အေဂျက်အသင်းက အိုနာနာ အတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၀သန်းကို ပေးချေဖို့ လိုလိုလားလား ရှိနေတဲ့ လိုင်ယွန်အသင်းကသာ အိုနာနာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။

အိုနာနာရဲ့ အေးဂျင့်ဖြစ်သူကလည်း အဆိုပါ သတင်းတွေအပေါ် အတည်ပြု ပေးထားပြီး အိုနာနာ အတွက် အသင်းနှစ်သင်းကြားမှာ ဆွေးနွေးမှုတွေ ရှိနေကြောင်း သိရပါတယ်။ အိုနာနာရဲ့ အေးဂျင့်ဖြစ်သူက – “ ဟုတ်ပါတယ်။ လိုင်ယွန်က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စား နေပါတယ်။ အခုတော့ အသင်းနှစ်သင်းကြားမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်နေပါပြီ” လို့ ဆိုခဲ့ပါတယ်။