MySport Myanmar

အင်တာမှာ ပျော်နေပေမယ့် အသင်းပြောင်းနိုင်ကြောင်း ပြောလာတဲ့ မန်ယူပစ်မှတ် အိုနာနာ

အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်ရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် လက်စွမ်းကောင်းတွေ ပြသထားနိုင်တဲ့ ဂိုးသမား အိုနာနာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၁-၀ အင်တာမီလန် ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပြီးမှာပဲ သူဟာ အင်တာမီလန်မှာ ပျော်နေပေမယ့် အင်တာမီလန်မှာ ဆက်နေဖို့ မသေချာကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၇နှစ် အရွယ် ကင်မရွန်း လက်ရွေးစင် ဂိုးသမား အိုနာနာက ယခုနှစ် ဘောလုံးရာသီ အစကမှ အေဂျက် ကနေ အင်တာမီလန်ဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပေမယ့် အချိန်တိုအတွင်းမှာ အသင်းရဲ့ နံပါတ်တစ် ဂိုးသမား နေရာကို အရယူနိုင်ခဲ့သလို သူ့ရဲ့ လက်စွမ်းကောင်းတွေနဲ့ အင်တာမီလန်ကို ကိုပါအီတာလီယာဖလား ချန်ပီယံ ဖြစ်အောင် ကူညီနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဒါ့အပြင် အိုနာနာက ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း သူမတူတဲ့ လက်စွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပေမယ့် ဟာလန်း ၊ ဖိုဒန်တို့ရဲ့ အပိုင် ကန်သွင်းချက်တွေကို ကာကွယ်ပြကာ သူဟာ ထိပ်တန်း ဂိုးသမား တဦး ဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။

သူ့ရဲ့ လက်စွမ်းကောင်းတွေကြောင့်ပဲ ဆရာဟောင်း တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပရဲ့ ထိပ်သီးအသင်း တချို့က လာမယ့် နွေဈေးကွက် အတွင်းမှာ အိုနာနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး အိုနာနာရဲ့ အေးဂျင့်ကလည်း သူ့ရဲ့ ကစားသမား အတွက် ကမ်းလှမ်းမှုတွေကို စတင် လက်ခံနေပါတယ်။

Photo Credit: Tribuna

မန်ချက်စတာ စီးတီး ၁-၀ အင်တာမီလန် ပွဲစဉ်အပြီးမှာလည်း အိုနာနာက သူဟာ အင်တာမီလန်မှာ အရမ်း ပျော်နေပေမယ့် အင်တာမီလန်မှာ ဆက်ရှိနေဖို့ ကတိမပေးနိုင်သေးကြောင်းနဲ့ သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ အင်တာမီလန်နဲ့ အရင်ဆုံး သဘောတူညီမှု ရယူနိုင်ဖို့ လိုအပ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

အိုနာနာက – “ကျွန်တော်က အင်တာမီလန်မှာ အရမ်း အရမ်း ပျော်နေပါတယ်။ ဒါပေမယ့် ဘောလုံးလောကမှာ ဘာတွေ ဖြစ်လာမလဲ ဆိုတာကို ကြိုခန့်မှန်းလို့ မရပါဘူး။ ကျွန်တော်က အင်တာမီလန်ရဲ့ ကစားသမားပါ။ ဒါကြောင့် ကျွန်တော်က အင်တာမီလန်ရဲ့ ဆုံးဖြတ်ချက် အတိုင်းပဲ လိုက်လုပ်ရပါမယ်။ (အသင်းပြောင်းမယ့်ကိစ္စအား ရည်ရွယ်လျက်) ကျွန်တော်က အင်တာမီလန်မှာ ပျော်ပါတယ်” ဆိုပြီး ထုတ်ဖော် ပြောဆိုသွားခဲ့တာပါ။

Exit mobile version