MySport Myanmar

ပြိုင်ဘက် ကစားသမားကို ကွန်ဖူးကစ်နဲ့ ကန်မိခဲ့တဲ့ ဘိုင်လီ (၇)ပွဲထိ ပွဲပယ်ခံရ

မန်ချက်စတာယူနိုက်တက်ဒ်အသင်းကနေ လီဂူးကလပ် မာဆေးလ်အသင်းမှာ အငှားနဲ့ သွားရောက်ကစားနေတဲ့ နောက်ခံကစားသမား အဲရစ်ဘိုင်လီဟာ ပြင်သစ်ဖလားပွဲစဉ်မှာ ပြိုင်ဘက်ကစားသမားကို ကွန်ဖူးကစ်နဲ့ ကန်မိခဲ့တာကြောင့် (၇)ပွဲအထိ ပွဲပယ်ခံလိုက်ရပြီပဲ ဖြစ်ပါတယ်။

Photo Credit : Sport Brief

အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိုင်ဗရီကို့စ် လက်ရွေးစင် နောက်ခံကစားသမား ဘိုင်လီဟာ မာဆေးလ်အသင်းနဲ့ ပြင်သစ်အသင်းငယ်လေး Hyeres အသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ပြင်သစ်ဖလား ရှုံးထွက်ပွဲစဉ်အတွင်းမှာ ပြိုင်ဘက်ကစားသမားရဲ့ ရင်ဘတ်နားကို ကွန်ဖူးကစ်နဲ့ ကန်မိခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသလို ကန်ကြောက်ခံရတဲ့ ကစားသမားကိုလည်း ဆေးရုံ ပို့ဆောင်လိုက်ရပါတယ်။

Photo Credit : talkSPORT

ဒီလို ကြမ်းတမ်းတဲ့ ကန်ကြောက်မှုကြောင့် ကစားသမားရဲ့ အဆုတ် နံရိုးနဲ့ အသည်းတို့ထိပါ ဒဏ်ရာရရှိသွားခဲ့တယ်လို့ ပြင်သစ်သတင်းစာ Le Parisien ကနေ ဖော်ပြလာခဲ့သလို ဒီလို ကန်မိခဲ့တဲ့ ဘိုင်လီကိုလည်း ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကနေ (၇)ပွဲအထိ ပွဲပယ်ပြစ်ဒဏ် ချမှတ်သွားခဲ့ပါတယ်။ ဘိုင်လီဟာ အခုနှစ် ဘောလုံးရာသီမှာ ယူနိုက်တက်ဒ်ကနေ မာဆေးလ်အသင်းဆီ တစ်ရာသီအငှားနဲ့ သွားရောက်ကစားနေခဲ့တာဖြစ်ပြီး လာမယ့်နွေမှာပဲ ယူနိုက်တက်ဒ်အသင်းနဲ့ပါ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပဲ ဖြစ်ပါတယ်။

Exit mobile version