စပါးအသင်းကတော့ လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် ကစားသမားသစ် ခေါ်ယူမှုကို စတင်ပြုလုပ်နိုင်တော့မှာဖြစ်ပြီး နွေစျေးကွက်အတွင်း သူတို့အသင်းနဲ့ သတင်းတွေ တောက်လျှောက်ထွက်ပေါ်လို့နေတဲ့ ဆောက်သမ်တန်အသင်းရဲ့ဒိန်းမတ်ကွင်းလယ်ကစားသမား ပီရာအမ်မေးလ်ဟော့ဘတ်ချ်ကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)နဲ့ ခေါ်ယူနိုင်တော့မှာဖြစ်ကာ ဒီနေ့မှာပဲ ဟော့ဘတ်ချ်က စပါးအသင်းနဲ့ ဆေးစစ်မှုတွေ ခံယူသွားပြီး အပြောင်းအရွှေ့ကိုလည်း အပြီးသတ်သွားဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

အသက်(၂၅)နှစ်အရွှယ်ရှိ ဒိန်းမတ်လက်ရွေးစင် ကွင်းလယ်ကစားသမား ဟော့ဘတ်ချ်ဟာ ဆောက်သမ်တန်အသင်းရဲ့အသင်းခေါင်းဆောင်ဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကစားသမားဟောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ဟော့ဘတ်ချ်ကို စပါးအသင်းနည်းပြ ဟိုဆေးမော်ရင်ဟိုကိုယ်တိုင် အသင်းဆီခေါ်ဆောင်ဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပြီး အဲဗာတန်အသင်းနဲ့အပြိုင် ကမ်းလှမ်းမှုတွေကို ပြုလုပ်ခဲ့ရာ ကစားသမားကိုယ်တိုင်က စပါးအသင်းကို ရွေးချယ်ခဲ့တာကြောင့် ဟော့ဘတ်ချ်ဟာ သိပ်မကြာခင်မှာပဲ ဒီနှစ်နွေစျေးကွက်အတွင်း စပါးရဲ့ပထမဆုံး ကစားသမားသစ်ခေါ်ယူမှုအဖြစ် သတ်မှတ်ခံလာရတော့မှာဖြစ်ပါတယ်။

Photo Credit : Daily Mail

Daily Mail သတင်းစာရဲ့ဖော်ပြချက် ဟော့ဘတ်ချ်ဟာ ဒီနေ့မှာပဲ စပါးအသင်းရဲ့လေ့ကျင့်ရေးကွင်းဆီကို ရောက်ရှိနေပြီး သူရဲ့ကျန်းမာရေးနဲ့ ဒဏ်ရာအခြေအနေတွေကို ဆေးစစ်မှုခံယူနေကာ သိပ်မကြာခင်မှာပဲ အပြောင်းအရွှေ့ကိစ္စ အထမြောက်သွားခဲ့ပြီဖြစ်ကြောင်းကို စပါးအသင်းဘက်ကနေ တရားဝင်ကြေညာနိုင်လိမ့်မယ်လို့ သိရှိရပါတယ်။ ဆောက်သမ်တန်အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ဟော့ဘတ်ချ်ဟာ အသင်းနဲ့ သက်တမ်းတိုးဖို့ကို ပယ်ချထားခဲ့ပြီး အသင်းကနေ ပြောင်းရွှေ့ဖို့ကိုပဲ ဆုံးဖြတ်ချက်ချထားခဲ့တာကြောင့် ကိုဗစ်အလွန် ပြန်လည်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဆောက်သမ်တန်အသင်းနည်းပြ ဟာဆန်ဟက်တယ်က ဟော့ဘတ်ချ်ကို လူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။ စပါးအသင်းကတော့ ဟော့ဘတ်ချ်ကို ရရှိဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀)နဲ့အတူ အသင်းရဲ့ညာနောက်ခံကစားသမားဖြစ်တဲ့ ကိုင်းလ်ဝေါ်ကာပီတာစ်ကိုလည်း ပြောင်းရွှေ့ကြေးရဲ့တစိတ်တပိုင်းအဖြစ်နဲ့ အလိုက်ပေးကမ်းလှမ်းခဲ့ရတယ်လို့ သိရှိရပါတယ်။