ဒီနှစ်ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် တစ်မိနစ်မှကို ကစားထားရခြင်း မရှိသေးသလို ပြီးခဲ့တဲ့ရာသီမှာလည်း ပွဲထွက်ကစားခွင့်တွေ ဆုံးရှုံထားခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒွန်နီဗန်ဒယ်ဘိခ်က ယူနိုက်တက်နည်းပြ အိုလေဂန််နာဆိုးလ်ရှားနဲ့ သူရဲ့ကြားက ဆက်ဆံရေးတွေကို ထုတ်ဖော်ပြောဆိုလာခဲ့ပြီး သူ့အတွက် အခွင့်အရေးတွေ ပြန်ရလာအောင် အကောင်းဆုံး ကြိုးစားသွားမယ်လို့လည်း ကြုံးဝါးသွားခဲ့ပါတယ်။

Photo Credit : Manchester Evening News

အသက်(၂၄)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဗန်ဒယ်ဘိခ်ဟာ မနှစ်က နွေစျေးကွက်ကမှ အေဂျက်စ်ကနေ ယူနိုက်တက်ကို ရောက်ရှိလာခဲ့တဲ့ အရည်အသွေးမြင့် ကွင်းလယ်လူတစ်ယောက် ဖြစ်ပေမယ့်လည်း ယူနိုက်တက်မှာ ပုံမှန်နေရာရဖို့ အတော်လေးကို ရုန်းကန်နေရပြီး အခုလည်း အသင်းကို ခရစ္စတီယာနိုရော်နယ်လ်ဒို ပြန်လည်ရောက်ရှိလာတာကြောင့် သူရဲ့ပွဲထွက်ကစားခွင့်တွေ ပိုမိုနည်းပါးလာရဖွယ်တောင် ရှိနေပါတယ်။ ဒီလို အခြေအနေတွေကြောင့် အေးဂျင့်ဖြစ်သူက စျေးကွက်မပိတ်ခင်မှာ အဲဗာတန်အသင်းဆီ ပြောင်းရွှေ့ခွင့်ရအောင် လုပ်ဆောင်ခဲ့ပေမယ့် နည်းပြဆိုးလ်ရှားက ခွင့်မပြုခဲ့ပဲ ဗန်ဒယ်ဘိခ်ကို အသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။

Photo Credit : We All Follow United

ဆိုးလ်ရှားနဲ့ပတ်သက်ပြီး ဗန်ဒယ်ဘိခ်က “ဆိုးလ်ရှားက ကျွန်တော့်ကို အသင်းမှာပဲ ဆက်လက်ရှိနေစေချင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ကျွန်တော် သူ့ကို ယုံကြည်ဖို့ လိုအပ်ပါတယ်။ တကယ်လို့သာ သူ ကျွန်တော့်ကို အလိုမရှိခဲ့ဘူးဆိုရင် ကျွန်တော်ကို စျေးကွက်ဖွင့်နေချိန်မှာ အသင်းကနေ ထွက်ခွာခွင့် ပြုလိုက်မှာပဲလို့ ကျွန်တော်ထင်တယ်။ ကျွန်တော်နဲ့ပတ်သက်ပြီး သူ့ဆီမှာ အစီအစဉ်တွေ ရှိနေလိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။ ကျွန်တော့်ဘက်ကတော့ ပိုပြီးအလုပ်ကြိုးစားဖို့နဲ့ တစ်နေ့မှာ ကျွန်တော် ဘာတွေကို လုပ်ဆောင်နိုင်လဲဆိုတာ လူတွေအားလုံး သိရှိလာအောင် ပြသနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ ယူနိုက်တက်ကစားသမားဟောင်းကြီး ရီယိုဖာဒီနန်ရဲ့ အစီအစဉ်မှာ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ပေါ့ဘာ ဖရက်ဒ် တွမ်မီနေး မာတစ်တို့လို ကစားသမားတွေ ရှိနေတဲ့အတွက် ဗန်ဒယ်ဘိခ်အနေနဲ့ နေရာရဖို့ ခက်ခဲလျက်ရှိနေသလို ကစားပြီးသွားခဲ့တဲ့ ပရီးမီးယားလိဂ် (၃)ပွဲလုံးမှာလည်း အရန်ကစားသမားအဖြစ်နဲ့သာ ပါဝင်ခဲ့ရပြီး (၃)ပွဲလုံးမှာ လူစားဝင်ပြီးတောင် ကစားခွင့် မရထားခဲ့ပဲ ရှိနေပါတယ်။