MySport Myanmar

အယ်လ်ကလက်စီကိုမှာ ဘယ်အသင်းမှ ရေပန်းစားနေတာမျိုး မရှိဘူးလို့ အော်လ်မို ဆို

လာမယ့် weekend မှာ တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေ သည်းခြေကြိုက် ပွဲကြီးပွဲကောင်း ပွဲစဉ်အဖြစ် ရီးယဲလ် မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အယ်လ်ကလက်စီကို ပွဲစဉ်မှာ ဘယ်အသင်းကမှ နိုင်ပွဲရဖို့အတွက် ရေပန်းစားနေတာမျိုး ရှိမနေဘူးလို့ ဘာစီလိုနာ ကစားသမား ဒါနီ အော်လ်မိုက သုံးသပ် ပြောဆိုလိုက်ပါတယ်။

ကမ္ဘာ့ဘောလုံးလောကမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး မြို့ခံအသင်းတွေရဲ့ ဒါဘီပွဲစဉ်တွေ အများအပြား ရှိကြသလို အမြဲတမ်း အပြိုင်အဆိုင် ရှိနေကြတဲ့ အသင်းတွေရဲ့ ပြင်းထန်တဲ့ အားပြိုင်မှု ပွဲစဉ်တွေလည်း ရှိတက်ကြပါတယ်။ မန်ယူနိုက်တက်နဲ့ လီဗာပူးလ် ၊ ရီးယဲလ်နဲ့ ဘာစီလိုနာ ၊ ဘိုင်ယန်နဲ့ ဒေါ့မွန် ၊ ပီအက်စ်ဂျီနဲ့ မာဆေးလ်ပွဲတွေဟာ ဒါဘီပွဲစဉ်တွေထက်တောင် ပိုပြီးတော့ ပြိုင်ဆိုင်မှု ပြင်းထန်ကြပါတယ်။

Photo Credit : Super Sport

ဒီထဲကမှ ရီးယဲလ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ အယ်လ်ကလက်စီကို ပွဲကတော့ ကမ္ဘာ့ဘောလုံးပရိသတ်တွေ စိတ်အဝင်စားဆုံး စောင့်အကြည့်ဆုံးပွဲစဉ် ဖြစ်နေတဲ့အပြင် နှစ်ဖက်အသင်း ကစားသမားတွေအတွက်လည်း အရေးအပါဆုံး ပွဲစဉ်တစ်ပွဲလည်း ဖြစ်နေပြန်ပါတယ်။

မနက်ဖြန်မှာလည်း ရီးယဲလ်နဲ့ ဘာစီလိုနာတို့က အယ်လ်ကလက်စီကိုပွဲအဖြစ် ရီးယဲလ်ရဲ့ အိမ်ကွင်း ဘာနေဗျူးမှာ ယှဉ်ပြိုင်သွားရတော့မှာဖြစ်ပြီး ဒီပွဲစဉ်က ဒီရာသီထဲ လာလီဂါပြိုင်ပွဲမှာ လုံးဝ ရှုံးပွဲမရှိသေးတဲ့ ရီးယဲလ်အတွက်ရော အမှတ်ပေးဇယားထိပ်မှာ (၃)မှတ်ဖြတ်ကာ ရပ်တည်နေတဲ့ ဘာစီလိုနာအတွက်ပါ အရေးကြီးနေပါတယ်။

Photo Credit : Sports Illustrated

ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး ဘာစီလိုနာ ကွင်းလယ်တိုက်စစ် ကစားသမား အော်လ်မိုက “ဒီလို ပွဲစဉ်မျိုးမှာဆိုရင် ရေပန်းစားတဲ့ အသင်းဆိုတာမျိုး မရှိပါဘူး။ ဒါဟာ စပိန် လာလီဂါနဲ့ ဥရောပမှာ ကစားတဲ့ ပွဲစဉ်တွေထဲ အကောင်းဆုံး ပွဲစဉ်ပါပဲ။ ကျွန်တော်တို့ အတွေးအခေါ်တွေ ကစားဟန်တွေနဲ့ သူတို့ကို အနိုင်ယူနိုင်ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့တွေ ပြသသွားချင်ပါတယ်။” လို့ ပြောဆိုလိုက်ပါတယ်။

ဘာစီလိုနာ အကယ်ဒမီထွက် ကစားသမား ဖြစ်ခဲ့ဖူးတဲ့ အော်လ်မိုဟာ ဒီရာသီမှ ဘာစီလိုနာအသင်းဆီ ပြန်ရောက်လာခဲ့ရင်း ကစားသမားဘဝရဲ့ ပထမဆုံး အယ်လ်ကလက်စီကိုပွဲစဉ်ကို စတင် ဆင်နွဲသွားရတော့မှာ ဖြစ်သလို ဒဏ်ရာ အခြေအနေကနေလည်း သက်သာနေပြီမို့ ပွဲထွက်ကစားသမားအဖြစ်ပါ ပါဝင်ရနိုင်ပါတယ်။

Exit mobile version