စပိန်နိုင်ငံအခြေစိုက် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ El Nacional ကနေ ဖော်ပြချက်တွေအရ လိုက်ပ်ဇစ်အသင်းရဲ့ စပိန် ကွင်းလယ်တိုက်စစ်ကစားသမား ဒန်နီအော်လ်မိုဟာ သူရဲ့ကလပ်အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဆီကို ပြန်လည်ပြောင်းရွှေ့ဖို့ထက်စာရင် နောက်ထပ် သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်း မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ ပိုဖြစ်လာနိုင်ခြေ ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Bundesliga

အသက်(၂၃)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင် ကွင်းလယ်ကစားသမား အော်လ်မိုဟာ ဘာစီလိုနာအသင်းရဲဲ့ လာမာစီယာ အကယ်ဒမီထွက် အရည်အသွေးမြင့် ကစားသမားလေးတစ်ဦးဖြစ်ပြီး စီနီယာအသင်းကြီးမှာ နေရာရဖို့ မလွယ်ကူတာကြောင့် ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်အသင်းဆီကို ၂၀၁၄ခုနှစ်မှာပဲ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ ဇာဂရက်လူငယ်အသင်းမှာ တစ်ရာသီ ပါဝင်ကစားပြီး စီနီယာအသင်းဆီကို ရောက်ရှိလာခဲ့တဲ့ အော်လ်မိုဟာ ဇာဂရက်မှာ သူရဲ့အတောက်ပဆုံး စွမ်းဆောင်ရည်တွေကို ပြသလာခဲ့လို့ ဥရောပထိပ်တန်း ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားခြင်းကို ရရှိလာခဲ့ကာ ၂၀၂ဝခုနှစ် ဇန်နဝါရီလမှာပဲ သူ့ကို အလိုရှိနေတဲ့ အသင်းတွေထဲက တစ်သင်းဖြစ်တဲ့ လိုက်ပ်ဇစ်အသင်းဆီကို ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit : DW

ဂျာမနီမြေကို ရောက်ရှိသွားခဲ့တဲ့ အော်လ်မိုဟာ လိုက်ပ်ဇစ်အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာခဲ့သလို စပိန်လက်ရွေးစင်အသင်းမှာပါ ပါဝင်ကစားခွင့်တွေ ရရှိလာခဲ့တာကြောင့်ကို သူ့ကို သူရဲ့ကလပ်အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းဆီ ပြန်လည်ခေါ်ဆောင်ချင်နေသလို တခြားသော ဥရောပထိပ်သီး ကလပ်အသင်းတွေကလည်း အော်လ်မိုကို ခေါ်ယူဖို့ ပိုမိုစောင့်ကြည့်လာကြပါတယ်။ ဒီအသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းလည်း ပါဝင်လို့လာခဲ့ပြီး အော်လ်မို ဇာဂရက်မှာ ပါဝင်နေစဉ်ကတည်းက ယူနိုက်တက်အသင်းက အော်လ်မိုကို အလိုရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီလို အခြေအနေရှိနေတဲ့ အော်လ်မိုဟာ သူရဲ့အသင်းဟောင်း ဘာစီလိုနာထက် ယူနိုက်တက်အသင်းဆီကိုသာ ပြောင်းရွှေ့ကစားဖို့ ဖြစ်နိုင်ခြေပိုများနေတယ်လို့ စပိန်သတင်းမီဒီယာကနေ ဖော်ပြလာခဲ့သလို ဘာစီလိုနာအသင်းဘက်ကလည်း အော်လ်မိုထက် မန်စီးတီးအသင်းမှာ အနာဂတ် မရေရာလာခဲ့တဲ့ ရာဟင်စတာလင်ကိုသာ ဦးစားပေး ခေါ်ယူသွားဖို့ ဆန္ဒရှိလာခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ လာမယ့် ဆောင်းစျေးကွက်အတွင်း အော်လ်မိုကို ခေါ်ယူမယ်ဆိုရင် အနည်းဆုံး ယူရိုသန်း(၅၀)လောက်နဲ့ ကမ်းလှမ်းရနိုင်တာဖြစ်လို့ အော်လ်မိုထက် အငှားစာချုပ်နဲ့ ခေါ်ယူလို့ ရနိုင်ခြေရှိတဲ့ စတာလင်ကိုသာ ကမ်းလှမ်းလာနိုင်တာ ဖြစ်ပါတယ်။