နောက်ပိုင်းကစားခဲ့တဲ့ ပွဲစဉ်တွေအတွင်းမှာ အသင်းရဲ့တိုက်စစ်ပိုင်းက စွမ်းဆောင်ရည်ကျဆင်းလျက်ရှိနေတဲ့အပြင် အသင်းရဲ့အဓိကတိုက်စစ်ကစား ကာရန်ဘန်ဇီမာရဲ့ အရန်တိုက်စစ်မှူးဖြစ်တဲ့ လူကာယိုဗစ်ကိုပါ သူရဲ့အသင်းဟောင်းဖရန့်ဖတ်ဆီ အငှားနဲ့ပြန်လည်ပို့ဆောင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ အခုတော့ တိုက်စစ်ပိုင်းကို ပြန်လည်အားဖြည့်တင်းဖို့အတွက် ချယ်လ်ဆီးအသင်းရဲ့ ဝါရင့်တိုက်စစ်မှူးကြီး အိုလီဗာဂျရူးကို အသင်းဆီ ခေါ်ဆောင်သွားချင်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

Photo Credit : Football.London

အသက်(၃၄)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် ဝါရင့်တိုက်စစ်ကစားသမားကြီး အိုလီဗာဂျရူးဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းမှာကလည်း တီမိုဝါနာ တမ်မီအေဘရာဟမ်တို့လို တိုက်စစ်ကစားသမားတွေ ရှိနေတဲ့အတွက် သူတို့တွေကို ကျော်လွန်ပြီး နေရာရဖို့ မလွယ်ကူတာကြောင့် ဂျရူးကလည်း သူရဲ့အနာဂတ်ကို စဉ်းစားလျက်ရှိနေပါတယ်။ ဒီလို အသင်းနဲ့ စာချုပ်သက်တမ်း လပိုင်းလေးသာ ကျန်ရှိတော့တဲ့ ဂျရူးကို ကလပ်အသင်းများစွာကနေ စိတ်ဝင်စားလို့နေပြီး ရီးရဲလ်မက်ဒရစ်အသင်းကပါ ဂျရူးကို သူတို့အသင်းဆီ ခေါ်ဆောင်ချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : SpotsMax

ရီးရဲလ်အသင်းဟာ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် မန်စီးတီးအသင်းရဲ့အာဂျင်တီးနားတိုက်စစ်မှူး ဆာဂျီယိုအဂွဲရိုးနဲ့ ချယ်လ်ဆီးတိုက်စစ်မှူးဂျရူးတို့ကို ပစ်မှတ်ထားနေတာဖြစ်ပေမယ့်လည်း အဂွဲရိုးက အခုလို ရာသီဝက်ကာလအတွင်းမှာပဲ အသင်းနဲ့ လက်တွဲဖြုတ်ဖွယ် မရှိတာကြောင့် ဂျရူးကိုပဲ ပိုမိုအာရုံစိုက်လာခဲ့ရတာဖြစ်ပါတယ်။ ဂျရူးကတော့ နောက်ပိုင်းပွဲစဉ်တွေအတွင်း အသင်းမှာ နေရာတွေ ပြန်လည်ရရှိနေပေမယ့် ဒီလိုအခြေအနေတွေက အမြဲတမ်းရရှိနိုင်မှာ မဟုတ်သလို ဒီနှစ်ဘောလုံးရာသီအကုန်မှာ ကျင်းပသွားမယ့် ယူရိုပြိုင်ပွဲမှာလည်း ပြင်သစ်လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံရပြီး ဝင်ရောက်ဆင်နွဲခွင့်ရဖို့အတွက်ပါ ပစ်မှတ်ထားနေတာဖြစ်လို့ အခုဆောင်းစျေးကွက်အတွင်းမှာပဲ အသင်းပြောင်းဖွယ် ရှိနေတာဖြစ်ပါတယ်။ ဂျရူးကို အင်တာမီလန် ဂျုဗင်တပ်စ် အေစီမီလန်တို့လို အီတလီစီးရီးအေက ထိပ်သီးကလပ်အသင်းတွေအပြင် ပရီးမီးယားလိဂ်ကလပ်အသင်းတချို့ကလည်း ပစ်မှတ်ထားလို့နေပြီး ဂျရူးကတော့ လက်ရှိအသင်းမှာလည်း ပျော်ရွှင်နေတာကြောင့် အသင်းပြောင်းဖို့ကိစ္စက မရေမရာ ဖြစ်လို့နေပါတယ်။