မနေ့ညက ကျင်းပသွားခဲ့တဲ့ ဆီဗီလာအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်းမှာ ဧည့်သည်ချယ်လ်ဆီးအတွက် အနိုင်ဂိုး(၄)ဂိုးလုံး တစ်ယောက်တည်း သွင်းယူသွားခဲ့တဲ့ ဝါရင့်တိုက်စစ်ကစားသမား အိုလီဗာဂျရူးဟာ အသင်းအတွက် ပါဝင်ကစားခွင့်ရတဲ့ အခုလိုပွဲအတွင်းမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့ပေမယ့် လာမယ့် Weekend အတွင်း လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုတော့ ပါဝင်ကစားခွင့်ရဖို့ကတော့ မသေချာသေးတဲ့ အခြေအနေမှာသာ ရှိလို့နေပါတယ်။

Photo Credit : Metro

အသက်(၃၄)နှစ်အရွှယ်ရှိ ဝါရင့်ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဂျရူးဟာ ဒီနှစ်ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပွဲထွက်ကစားခွင့်တွေ အတော်လေးကို နည်းပါးလွန်းနေပြီး မနေ့ညက ဆီဗီလာနဲ့ ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်နဲ့ စပါးအသင်းနဲ့ ကစားခဲ့ရတဲ့ ကာရာဘောင်းဖလားပွဲစဉ်တွေမှာသာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရတာဖြစ်ပါတယ်။ ဒီလို အသင်းအတွက် ပွဲထွက်ခွင့် အနည်းငယ်လေးသာ ကစားခဲ့ရတဲ့ ဂျရူးဟာ မနေ့ညက ပွဲစဉ်မှာတော့ အသင်းရဲ့တိုက်စစ်ကို ဦးဆောင်လာခဲ့ရပြီး အသင်းရဲ့ သွင်းဂိုး(၄)ဂိုးလုံးကို သူတစ်ယောက်တည်းက သွင်းယူခဲ့ကာ သူရဲ့အကောင်းဆုံး တိုက်စစ်စွမ်းရည်ကို ပြသနိုင်ခဲ့ပါတယ်။

Photo Credit : Sky Sports

ဒါပေမယ့် အသင်းမှာက တခြားတိုက်စစ်မှူးတွေဖြစ်တဲ့ တီမိုဝါနာနဲ့ တမ်မီအေဘရာဟမ်တို့လို လူငယ်တိုက်စစ်ကစားသမားတွေ ရှိလို့နေတာကြောင့် လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ကိုပါ ဆက်လက်ပါဝင်ကစားရဖို့က မသေချာဘူးလို့ ဂျရူးကိုယ်တိုင် ပြောဆိုသွားခဲ့ပါတယ်။ ဂျရူးက “ကျွန်တော့်ကို ဒီညအတွက် ပျော်ရွှင်ခွင့်လေး ပေးပါဦးဗျာ။ ဒါက တကယ့်ကို အကောင်းဆုံးနိုင်ပွဲတစ်ခု ဖြစ်ခဲ့လို့ပါ။ ရှေ့လာမယ့်ပွဲမှာတော့ နည်းပြက ကျွန်တော်ကို ဆက်လက်ရွေးချယ်ဦးမလားဆိုတာ စောင့်ကြည့်ရဦးမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်ပြီး ချယ်လ်ဆီးနည်းပြ ဖရန့်လမ်းပတ်ကပါ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ကစားသမားရွေးချယ်မှုအပိုင်းမှာပါ စဉ်းစားရကျပ်စေတဲ့ အနေအထားမျိုးကို ရောက်နေရတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ ဂျရူးဟာ ဆီဗီလာနဲ့ပွဲမတိုင်ခင် ရန်းစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာလည်း ပွဲပြီးခါနီးမှာ အသင်းအတွက် ပါဝင်ကစားခဲ့ပြီး တစ်ဖက်ကို တစ်ဂိုးစီနဲ့ သရေကျနေချိန် နာကျင်အချိန်ပိုအတွင်းမှာ ချယ်လ်ဆီးအတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဂျရူးဟာ ဒီနှစ်ရာသီအကုန်မှာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး လာမယ့်ဆောင်းစျေးကွက်မှာပဲ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပါတယ်။