ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာ ဆိုးလ်ရှား ကတော့ သူဟာလည်း အခြားသော လူတွေလို Video Game ကို စွဲစွဲမြဲမြဲ ဆော့လေ့ ရှိပြီး သူ အဆော့များတဲ့ Gameဟာ အသင်းတစ်သင်းကို ကိုင်တွယ်ရတဲ့ Football Manager Game ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြား သွားပါတယ်။ ဆိုးလ်ရှားဟာ မန်ချက်စတာ ယူနိုက်တက် အသင်းကို လက်ရှိ‌ ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရရှိအောင် ဦးဆောင် ပေးထားနိုင်သူ ဖြစ်ပြီး သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပွဲစဉ် ၁၇ပွဲ အပြီးမှာ ရမှတ် ၃၆မှတ်နဲ့ အမှတ်ပေးဇယားရဲ့ အဆင့်၁နေရာကို အရ ယူထားနိုင်ပါတယ်။

Photo Credit: Sportbible

ယနေ့ည ၁၁နာရီ အချိန်မှာတော့ ဆိုးလ်ရှားရဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဆင့် ၂ နေရာမှာ ရှိနေတဲ့ လက်ရှိ ချန်ပီယံ လီဗာပူးအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး အဆိုပါ ပွဲစဉ်မှာ မရှုံးနိမ့်မှသာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁ နေရာမှာ ဆက်လက် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။ လီဗာပူးအသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဆိုးလ်ရှားက သူဟာ သာမန်လူတွေလိုပဲ သတင်းဖတ်တာတွေ ၊ Game ကစားတာတွေကို ပြုလုပ်လေ့ ရှိပြီး သတင်းဖတ်ရင် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေက ဖော်ပြတဲ့ သတင်းတွေကိုသာ ဖတ်တတ်သလို Game ကစားရာမှာလည်း FIFA Game ထက် Football Manager Game ကိုသာ ဆော့လေ့ရှိကြောင်း ပြောပြ သွားပါတယ်။

Photo Credit: Sportbible

သူ့ရဲ့ Computer ထဲမှာ Football Manager Game ကို ထည့်သွင်းထားကာ အားလပ်ချိန်တွေမှာ ကစားလေ့ ရှိတဲ့ အကြောင်းကို ဆိုးလ်ရှားက “ကျွန်တော့်ရဲ့ Computerထဲမှာ Football Manager Game ကို ထည့်သွင်း ထားသလို ကျွန်တော်က အမြဲတမ်းလည်း အဲ့ဒီ Game ကို ဆော့ပါတယ်။ Football Manager Game ကို ဆော့ရတာက ကစားသမား တစ်ဦးချင်းစီကို ထိန်းကျောင်းလို့ ရတဲ့ FIFA Game ကို ဆော့ရတာထက် ပိုပြီး ကောင်းပါတယ်” ဆိုပြီး ပြောကြား သွားပါတယ်။ Football Manager Game ဆိုတာဟာ SEGA ကနေ ထုတ်လုပ်ထားတဲ့ Game တစ်ခုဖြစ်ပြီး အဆိုပါ Game ဟာ ကမ္ဘာပေါ်မှာ ရှိတဲ့ ကစားသမားပေါင်း ၁သိန်းကျော်ရဲ့ အချက်အလက်တွေကို အခြေခံကာ ထုတ်လုပ် ထားတာကြောင့် Game ထဲမှာ Manager တစ်ဦးအဖြစ် ဆော့ကစားရတာက ပြင်ပမှာ အသင်းတစ်သင်း ကို ကိုင်တွယ်ရတဲ့ ခံစားချက်ကို အမှန်တကယ် ပေးစွမ်းနိုင်ပါတယ်။ Football Manager Game ကိုတော့ Steam မှာ မြန်မာငွေ ၁သိန်းဝန်းကျင်နဲ့ ဝယ်ဆော့လို့ ရပါတယ်။ Mobile Version လည်း ရှိပြီး Play Store မှာ မြန်မာငွေ ၁၀၀၀၀ ဝန်းကျင်နဲ့ ဝယ်ယူလို့ ရပါတယ်။