မန်ချက်စတာ ယူနိုက်တက်အသင်းအနေနဲ့ လီဗာပူးလ်အသင်းနဲ့ ပွဲစဉ်မှာ အသင်းတိုက်စစ်အတွက် မားကပ်စ် ရပ်ရှ်ဖို့ဒ် ၊ ရက်မတ်စ် ဟွိုင်လန်းနဲ့ အလက်ဟန်ဒရို ဂါနာချိုတို့ (၃)ဦးရဲ့ တိုက်စစ်အစုအဖွဲ့ကိုသာ အသုံးပြုသွားသင့်တယ်လို့ အိုလေ ဂန်နာ ဆိုးလ်ရှားက အကြံပြု တိုက်တွန်းလိုက်ပါတယ်။

ယူနိုက်တက်က ပြီးခဲ့တဲ့ မတ်လထဲ လီဗာပူးလ်နဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာ တွေ့ဆုံခဲ့စဉ်ကလည်း ဒီတိုက်စစ်အစုအဖွဲ့ကိုပဲ အသုံးပြုသွားခဲ့ရင်း ရပ်ရှ်ဖို့ဒ်က တစ်ဂိုး သွင်းယူနိုင်ခဲ့သလို ဂါနာချိုကလည်း အဖိုးတန် အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။

Photo Credit : Eriks Butcher

လက်ရှိမှာတော့ ဒီကစားသမား (၃)ဦးအနက် ဂါနာချိုတစ်ဦးတည်းကသာ ပုံမှန်ခြေစွမ်းတွေ ပြသထားနိုင်ပြီး ရပ်ရှ်ဖို့ဒ်ဆိုရင်တော့ အသင်းပရိသတ်တွေ စိတ်အပျက်ရဆုံး ကစားသမားတစ်ဦး ဖြစ်နေရတဲ့အထိ သူရဲ့ စွမ်းဆောင်ရည်ပိုင်းတွေက အတော်လေး ကျဆင်းနေရပါတယ်။

ဒါ့အပြင် တိုက်စစ်မှူးလေး ဟွိုင်လန်းကလည်း ဒဏ်ရာ ပြသာနာတွေနဲ့ အမြဲတမ်း လုံးပန်းနေရသလို အသင်းဖော်တွေရဲ့ ဂိုးဖန်တီးမှုတွေ အားနည်းမှုကြောင့် လူတန်ကို (၂)ဂိုးသွင်းယူပြီး နောက်ပိုင်းကတည်းက တောက်လျှောက် ဂိုးမသွင်းနိုင်တော့တာ ဖြစ်ပါတယ်။

Photo Credit : Irish Examiner

ဒါပေမယ့် ယူနိုက်တက်ရဲ့ ကစားသမားဟောင်းလည်းဖြစ် နည်းပြဟောင်းလည်းဖြစ်တဲ့ ဆိုးလ်ရှားကတော့ လီဗာပူးလ်နဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် တိုက်စစ်မှာ ရပ်ရှ်ဖို့ဒ် ဟွိုင်လန်း ဂါနာချိုတို့ကို အမြန်နှုန်းတွေကို အသုံးချသွားဖို့ လိုအပ်ကြောင်း အကြံပြုသွားခဲ့ပါတယ်။

ဆိုးလ်ရှားက သူ ယူနိုက်တက်အသင်းကို နည်းပြအဖြစ် ကိုင်တွယ်စဉ် အများဆုံး အသုံးပြုခဲ့တဲ့ ကောင်တာတိုက်စစ် နည်းဗျူဟာကို အခု လီဗာပူးလ်နဲ့ပွဲမှာပါ ယူနိုက်တက်တို့ အသုံးပြုရမှာဖြစ်ပြီး ရပ်ရှ်ဖို့ဒ် ဟွိုင်လန်းနဲ့ ဂါနာချိုတို့က ကောင်တာတိုက်စစ်ကို အကောင်းဆုံး ပုံဖော်နိုင်လိမ့်မယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။