ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကတည်းက မန်ချက်စတာယူနိုက်တက်အသင်းကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက် အခုအချိန်ထိကို အသင်းလက်မဲ့ ဖြစ်နေရတဲ့ နည်းပြအိုလေဂန်နာဆိုးလ်ရှားကို အာရှတိုက်ရဲ့ အင်အားကြီး အသင်းတစ်သင်းဖြစ်တဲ့ အီရန်လက်ရွေးစင်အသင်းကနေ နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့ ကမ်းလှမ်းလာခဲ့ပေမယ့် ဒီကမ်းလှမ်းမှုကို ဆိုးလ်ရှားဘက်က ပယ်ချသွားခဲ့တယ်လို့ သိရှိရပါတယ်။

Solskjaer was sacked as Manchester United boss after losing 4-1 at Watford last November

Photo Credit : Daily Mail

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းနဲ့ နည်းပြဟောင်း ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းကို ၂၀၁၈ခုနှစ် ဒီဇင်ဘာလကနေ အသင်းရဲ့ယာယီနည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်ရင်း ရလဒ်ကောင်းတွေ ရရှိလာခဲ့တဲ့အတွက် မတ်လနှောင်းပိုင်းမှာပဲ ရေရှည်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ၂၀၂၁ခုနှစ် ဇူလိုင်လမှာတော့ ယူနိုက်တက်ဘက်က ဆိုးလ်ရှားကို (၃)နှစ် သက်တမ်းတိုး စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ပေမယ့်လည်း ဆိုးလ်ရှားက ၂၀၂၁-၂၀၂၂ ဘောလုံးရာသီကို အပြီးထိ မကိုင်တွယ်လိုက်ရပဲ ဝက်ဖို့ဒ်အသင်းကို (၄)ဂိုး (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အပြီးမှာပဲ နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရပါတယ်။

Ole Gunnar Solskjaer has reportedly rejected the opportunity to manage the Iran national side

Photo Credit : Daily Mail

(၈)လနီးပါးလောက် အသင်းလက်မဲ့ ဖြစ်နေရတဲ့ နည်းပြဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ ဆောင်းရာသီအတွင်း အဲဗာတန်အသင်း အပါအဝင် ကလပ်အသင်းတချို့နဲ့ သတင်းထွက်ခဲ့ပေမယ့်လည်း ဘောလုံးနယ်ပယ်ထဲကို ဝင်ရောက်လာခြင်း မရှိသေးပဲ ယူနိုက်တက် အမျိုးသမီး လူငယ်အသင်းမှာ ပါဝင်ကစားနေတဲ့ သမီးဖြစ်သူရဲ့ ပွဲစဉ်တွေကိုသာ လိုက်ပါအားပေးလျက် ရှိနေပါတယ်။ လက်ရှိမှာလည်း ၂၀၂၂ခုနှစ် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွဲခွင့် ရရှိထားတဲ့ အီရန်လက်ရွေးစင်အသင်းက အသင်းနည်းပြရာထူးအတွက် ဆိုးလ်ရှားကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဆိုးလ်ရှားကတော့ ဒီကမ်းလှမ်းမှုကို ပယ်ချပြီး အသင်းတစ်သင်းကို ရေတိုပုံစံမျိုးနဲ့ ကိုင်တွယ်သွားဖို့ ဆန္ဒမရှိကြောင်း သိရှိရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲ ဆင်နွဲရဖို့ ရှိနေတဲ့ အီရန်အသင်းဟာ world cup မတိုင်ခင် (၄)လလောက်အလိုမှာပဲ လက်ရှိအသင်းနည်းပြကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ဆိုးလ်ရှားအပါအဝင် အီရန်ဂန္တဝင်ကစားသမားဟောင်းကြီး အလီဒါယီ အိုမန်လက်ရွေးစင်နည်းပြ ဘရန်ကိုအိုင်ဗန်ကိုဗစ်နဲ့ ကစားသမားဟောင်း ဂျာဗတ်နီကိုနန်တို့ကို နည်းပြသစ် ခန့်အပ်သွားဖို့ ချိန်ရွှယ်ပစ်မှတ်ထားနေပါတယ်။ လက်ရှိမှာ နည်းပြလက်မဲ့ ဖြစ်နေတဲ့ အီရန်အသင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ နာမည်ကြီး အင်္ဂလန် world cup ကို နှစ်အတန်ကြာမှ ပြန်ကစားခွင့်ရခဲ့တဲ့ ဝေးလ်စ်နဲ့ မျိုးဆက်သစ် ကစားသမားကောင်းတွေ ပါဝင်နေတဲ့ အမေရိကန်အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။