လက်ရှိ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွှက်နေလျက်ရှိတဲ့ အိုလေဂန်နာဆိုးလ်ရှားဟာ လတ်တလောမှာ ယူနိုက်တက်အသင်းကို အကောင်းဆုံး ပုံစံရရှိနေအောင် မစွမ်းဆောင်ထားနိုင်တဲ့အပြင် အသင်းအတွက် ဆုဖလားတစ်လုံးမှ မရယူထားနိုင်ပေမယ့်လည်း ထွက်ပေါ်လာတဲ့ မှတ်တမ်းတွေအရ ယူနိုက်တက်အသင်းရဲ့ သမိုင်းတလျှောက် အကောင်းဆုံးနည်းပြစာရင်းမှာ နည်းပြဆိုးလ်ရှားဟာ တတိယနေရာမှာ အံ့အားသင့်စဖွယ် ရှိနေပါတယ်။

Photo Credit : Evening Standard

ထွက်ပေါ်နေတဲ့ မှတ်တမ်းတွေအရ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နိုင်ပွဲမှတ်တမ်း အကောင်းဆုံးနည်းပြစာရင်းမှာ အသင်းရဲ့ အဓိက ဂန္တဝင်နည်းပြဟောင်းကြီးဖြစ်သူ ဆာအဲလက်စ်ဖာဂူဆန်က နိုင်ပွဲမှတ်တမ်း (၅၉.၆၇)%နဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်လို့နေပြီး ဖာဂူဆန်ရဲ့အောက် ဒုတိယနေရာမှာတော့ လက်ရှိ ရိုးမားအသင်းရဲ့နည်းပြအဖြစ် ဆောင်ရွှက်လျက်ရှိနေတဲ့ ဂျိုဆေးမော်ရင်ဟိုက နိုင်ပွဲမှတ်တမ်း (၅၈.၃၃)%နဲ့ ရပ်တည်လို့နေပါတယ်။ ဒီနည်းပြကြီး(၂)ဦးရဲ့နောက် တတိယနေရာမှာတော့ လက်ရှိအသင်းနည်းပြ အိုလေဂန်နာဆိုးလ်ရှားက နိုင်ပွဲရာခိုင်နှုန်း (၅၄.၈၈)%နဲ့ ရှိနေရပါတယ်။

Photo Credit : The New York Times

အသက်(၄၈)နှစ်အရွှယ်ရှိ ယူနိုက်တက် ကစားသမားဟောင်းကြီး ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြအဖြစ် ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ဒီဇင်ဘာလမှာပဲ စတင်တာဝန်ယူခဲ့ရတာဖြစ်ပြီး အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် အချိန်တိုလေးအတွင်းမှာပဲ အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ်နဲ့ပါ ပြောင်းလဲတာဝန်ယူခဲ့ရတာ ဖြစ်ပါတယ်။ ဆိုးလ်ရှားက ယူနိုက်တက်အသင်းကို ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ယူရိုပါလိဂ် ဗိုလ်လုပွဲအဆင့်ထိ ပို့ဆောင်နိုင်ခဲ့ပေမယ့်လည်း အသင်းကို ချန်ပီယံဖြစ်အောင်တော့ မလုပ်ဆောင်နိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းနဲ့ အမှတ်ကွာဟချက် မြင့်မားလွန်းခဲ့ရပါတယ်။ ဆိုးလ်ရှား လက်ရှိအချိန်ထိ ယူနိုက်တက်အသင်းကို (၃)နှစ်အထိ တာဝန်ယူ ကိုင်တွယ်ထားပြီး ဒီရာသီမှာလည်း အသင်းဘက်ကနေ သူအလိုချင်ဆုံး ကစားသမားတွေကို ခေါ်ယူထားပေးခဲ့ပေမယ့် ဆိုးလ်ရှားက အသင်းကို ပုံစံကောင်းရအောင် မကိုင်တွယ်ထားနိုင်ခဲ့ပဲ ဖြစ်နေရပါတယ်။ လတ်တလောမှာတော့ ယူနိုက်တက်အသင်းက ပြိုင်ဘက်လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာပဲ ဂိုးပြတ်အရေးနိမ့်ထားလို့ ဆိုးလ်ရှားကို အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်သွားဖို့ နီးစပ်လာနေပါတယ်။