ပေါ်တူဂီ ထိပ်သီးကလပ် ပေါ်တိုရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက ခံစစ်မှူးလည်း ဖြစ်တဲ့ ပီပီက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပေါ်တိုနဲ့ ရိုင်ယယ် အန့်ဝပ်တို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် အနိုင်သေချာစေမယ့် ဒုတိယမြောက် အနိုင်ဂိုးကို ခေါင်းတိုက်ကာ သွင်းယူပေးခဲ့ပါတယ်။

ပေါ်တိုက ယခုနှစ် ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ဘာစီလိုနာ ၊ ရှက်တာဒိုးနက် ၊ ရိုင်ယယ် အန့်ဝပ် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေခဲ့ရာ အုပ်စု ပထမအကျော့ ၃ပွဲမှာ ရှက်တာဒိုးနက်နဲ့ ရိုင်ယယ် အန့်ဝပ်တို့ကို နိုင်ခဲ့ပြီး ဘာစီလိုနာကိုသာ ရှုံးခဲ့တာကြောင့် ရမှတ် ၆မှတ် စုဆောင်းနိုင်ခဲ့ပါတယ်။

Photo Credit: Standard

ယနေ့မနက်မှာ ပေါ်တိုက အုပ်စု ဒုတိယကျော့တွေရဲ့ ပထမဦးဆုံးပွဲ အဖြစ် ရိုင်ယယ် အန့်ဝပ်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရပြီး လူအင်အား ကွာဟချက် ကြီးမားမှု ၊ အိမ်ရှင် ပရိသတ်တွေရဲ့ အားပေးမှုတို့ကြောင့် ပွဲစပွဲဆုံး ရိုင်ယယ် အန့်ဝပ်ဘက်ကို တရစပ် တိုက်စစ်ဆင် ကစားခဲ့ကာ အီဗာနယ်လ်ဆန်နဲ့ ပီပီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ဆိုတဲ့ ရလဒ်နဲ့ အဖိုးတန် နိုင်ပွဲ ၁ပွဲ ရယူနိုင်ခဲ့ပါတယ်။

ရိုင်ယယ် အန့်ဝပ်ကို အနိုင်ရခဲ့တာကြောင့် ပေါ်တိုက အုပ်စုပွဲ ၄ပွဲ အပြီးမှာ ၃ပွဲနိုင် ၊ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့ ရမှတ် ၉မှတ် အထိ စုဆောင်းထားနိုင်ခဲ့ပြီး လက်ကျန်ပွဲ ၂ပွဲ ဖြစ်တဲ့ ဘာစီလိုနာ ၊ ရှက်တာဒိုးနက်တို့နဲ့ ရင်ဆိုင်ရမယ့် ပွဲတွေမှာ အနည်းဆုံး ရမှတ် ၃မှတ် ထပ်ယူနိုင်ရုံနဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်တော့မှာလည်း ဖြစ်ပါတယ်။

Photo Credit: ESPN

ပေါ်တို ၂-၀ ရိုင်ယယ် အန့်ဝပ် ပွဲစဉ်မှာ အသက် ၄၀ အရွယ် ပေါ်တူဂီ ဝါရင့် ခံစစ်မှူး ပီပီက ပေါ်တိုရဲ့ ခံစစ်ကြောင်းကို အကောင်းဆုံး ဦးဆောင် ကစားပေးနိုင်ခဲ့သလို သွင်းဂိုး ၁ဂိုးပါ သွင်းယူကာ ဂုဏ်ယူစရာကောင်းတဲ့ စံချိန်မှတ်တမ်းကောင်းကို ရယူ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ပီပီက ပေါ်တိုအတွက် ဂိုးသွင်းယူချိန်မှာ ၄၀နှစ် ၊ ၂၅၆ရက် အရွယ် ရှိနေပြီ ဖြစ်တာကြောင့် ချန်ပီယံလိဂ်သမိုင်းမှာ အသက်အကြီးဆုံး ဂိုးသွင်းသူ အဖြစ် မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပြီး ဗဟိုနောက်ခံလူ တဦးက ဂိုးသွင်းစံချိန်မှတ်တမ်းကို ရယူနိုင်ခဲ့တာဟာ ရှားပါးဖြစ်စဉ် တခု ဖြစ်တာကြောင့် ဒီစာစုနဲ့အတူ ပီပီကို ဂုဏ်ပြုလိုက်ရပါတယ်။