ဘောလုံးသမားဘဝကနေ အနားယူထားတဲ့ နိုင်ဂျီးရီးယားဂန္တဝင်ကစားသမားကြီး ဂျေဂျေအိုကိုချာကတော့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကစားသမား မိုဟာမက်ဆာလာအနေနဲ့ ဘာစီလိုနာအသင်းဘက်ကနေသာ ကမ်းလှမ်းမှုတွေ ရရှိလာခဲ့မယ်ဆိုရင် ဒီကမ်းလှမ်းမှုကို လက်ခံသင့်ပြီး ဘာစီလိုနာကို ပြောင်းရွှေ့ကစားသင့်တယ်လို့ အကြံပြုတိုက်တွန်းခဲ့သလို ဘရာဇီးဂန္တဝင်ကစားသမား ရော်နယ်ဒင်ဟိုမှာလည်း သူနဲ့ ပီအက်စ်ဂျီအသင်းမှာ တွဲဖက်ကစားခဲ့စဉ်တုန်းက သူရဲ့ကစားဟန်တွေကို အတုယူကူးချခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Premier League Archive

အသက်(၄၇)နှစ်အရွှယ်ရှိ နိုင်ဂျီးရီးယား ကွင်းလယ်တိုက်စစ်ကစားသမားဟောင်းကြီး အိုကိုချာဟာ သူရဲ့ကစားသမားဘဝမှာ ဖီနာဘာချီ ပီအက်စ်ဂျီ ဘော်တန်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးသူဖြစ်သလို နိုင်ဂျီးရီးယားလက်ရွေးစင်အသင်းအတွက်လည်း ပွဲပေါင်း(၇၀)ကျော် ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ ၂၀၀၈ခုနှစ်လောက်ကတည်းက ဘောလုံးသမားဘဝကနေ အနားယူလိုက်တဲ့ အိုကိုချာဟာ အီဂျစ်ရုပ်သံလိုင်းတစ်ခုနဲ့ အင်တာဗျူးရာမှာတော့ အီဂျစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဆာလာအနေနဲ့ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကစားသင့်တယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Liverpool FC

အိုကိုချာက ဆာလာအနေနဲ့ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် ချန်ပီယံလိဂ်ဆုဖလားတွေကို သိမ်းပိုက်ရယူထားနိုင်ခဲ့တဲ့အတွက် စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့အတွက် အသင်းပြောင်းဖို့ လိုအပ်ကြောင်း တကယ်လို့ ဘာစီလိုနာအသင်းဘက်ကနေ ကမ်းလှမ်းမှုတွေ လုပ်ဆောင်လာခဲ့မယ်ဆိုရင် ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကစားသင့်ကြောင်း အကြံပြုပြောဆိုသွားခဲ့ပါတယ်။ ဆာလာကိုယ်တိုင်ကလည်း စပိန်လာလီဂါ ကလပ်အသင်းကြီးတွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနေတဲ့အပေါ် စိတ်လှုပ်ရှားမိကြောင်း အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောဆိုထားခဲ့ဖူးသလို ဒီစကားထွက်ပေါ်လာပြီးနောက်မှာလည်း သူရဲ့အနာဂတ်တွေက လှုပ်ခတ်ခဲ့ရပါသေးတယ်။ ဆာလာဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ လီဗာပူးလ်အသင်းရဲ့ သွင်းဂိုးအများဆုံး သွင်းယူပေးထားသူအဖြစ်နဲ့ ရပ်တည်လို့နေပေမယ့်လည်း အသင်းက လက်ရှိအခြေအနေအရ ချန်ပီယံလိဂ်ဖလားတစ်လုံးကိုသာ မျှော်လင့်နိုင်တော့မယ့် အခြေအနေ ဖြစ်နေတဲ့အတွက် ဆာလာရဲ့အနာဂတ်ဟာလည်း မတည်မငြိမ်ဖြစ်လာနိုင်ပြီး ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကို လာမယ့်နွေစျေးကွက်အတွင်းမှာ စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်။