ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ အိုဟားရားကတော့ အင်္ဂလိပ်လူမျိုး နည်းပြဖြစ်သူ ဂရေဟမ် ပေါ်တာ တယောက် ချယ်လ်ဆီးကနေ ထွက်ခွာခဲ့ရတာဟာ ကစားသမားတွေရဲ့ စနက်ကြောင့် ဖြစ်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

အသက် ၄၇နှစ် အရွယ် အင်္ဂလိပ်လူမျိုး နည်းပြတဦး ဖြစ်သူ ဂရေဟမ် ပေါ်တာက ဆွမ်ဆီး ၊ ဘရိုက်တန် စတဲ့ အင်္ဂလန်ရဲ့ အလယ်အလတ် အသင်းတွေကို ကိုင်တွယ်ရာမှာ ထိုက်သင့်တဲ့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို ကြယ်ပွင့် ကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့တာကြောင့် ယခုရာသီ အစမှာပဲ ချယ်လ်ဆီးရဲ့ တော်ကောက်ခြင်းကို ခံခဲ့ရသူပါ။

Photo Credit: Team Talk

ချယ်လ်ဆီးက ဂရေဟမ် ပေါ်တာနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ကို လိုချင်လွန်းလို့ ဘရိုက်တန်ထံ စာချုပ်ဖျက်သိမ်းကြေးတွေ ပေးကာ ခေါ်ယူခဲ့ပေမယ့် ဂရေဟမ် ပေါ်တာက ချယ်လ်ဆီးမှာ ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ပရီးမီးယားလိဂ် ပွဲစဉ် (၂၉) အပြီးမှာ အဆင့်၁၁နေရာ အထိ ရောက်ရှိသွားတာကြောင့် ချယ်လ်ဆီးဘုတ်အဖွဲ့က သူတို့တွေ လိုလိုချင်ချင်နဲ့ ခေါ်ထားရတဲ့ ဂရေဟမ် ပေါ်တာကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

ဂရေဟမ် ပေါ်တာ တယောက် ချယ်လ်ဆီးကနေ ထွက်ခွာခဲ့ရမှု အတွက် ချယ်လ်ဆီးပရိသတ်တွေက နည်းစနစ် မကြွယ်ဝမှုနဲ့ လူထုတ်ပုံ မှားယွင်းမှုတွေကြောင့် ပေါ်တာဟာ ချယ်လ်ဆီးကနေ ထုတ်ပယ်ခံရတာလို့ ပြောနေကြပေမယ့် ဘောလုံးသမားဟောင်း တဦး ဖြစ်သူ အိုဟားရားကတော့ ချယ်လ်ဆီး ကစားသမားတွေ ပေါင်းပြီး ရလဒ်ဆိုးအောင် လုပ်ကာ ပေါ်တာကို ပြုတ်အောင် လုပ်ခဲ့တာပါလို့ ယူဆနေပါတယ်။

Photo Credit: Team Talk

ပေါ်တာ တယောက် ရာထူးကနေ ထုတ်ပယ်ခံရမှု အတွက် အိုဟားရားက – “ချယ်လ်ဆီးက ပေါ်တာကို ခေါ်နိုင်ဖို့ ဘရိုက်တန်ဆီ ပိုက်ဆံတွေ အများကြီး ပေးခဲ့ရတာပါ။ ဒါပေမယ့် ပေါ်တာကတော့ ချယ်လ်ဆီးမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရတယ်။ ကစားသမားတွေက သူ့ရဲ့ ကစားကွက်နဲ့ လိုက်ဖက်အောင် မကစားနိုင်ခဲ့ကြပါဘူး။ ပေါ်တာက ချယ်လ်ဆီးကို စပြီး ကိုင်တွယ်ရကတည်းက သူ့ရဲ့ ပွဲထွက်လူစာရင်းကို အမျိုးမျိုး ပြောင်းလဲခဲ့တာပါ။ သူ့ရဲ့ ဒုတိယပိုင်း လူစားလဲမှုတွေကလည်း ကြုံရာကျပန်းပါပဲ။ ခင်ဗျားတို့တွေ ဗီလာနဲ့ပွဲမှာ ချယ်လ်ဆီးရဲ့ ခံစစ်ကစားပုံကို ကြည့်လိုက်ဗျာ။ တကယ်ကို ရှက်စရာကောင်းတဲ့ ခံစစ်ကစားပုံကြီးပါ။ ကျွန်တော်ကတော့ ကစားသမားတွေဟာ ပေါ်တာကို မထောက်ခံကြတော့ဘူးလို့ပဲ ယူဆပါတယ်။ ကျွန်တော် မြင်သလောက် ပြောရရင် ကစားသမားတွေက သူ့ကို မယုံတော့လို့ ဆန့်ကျင်ခဲ့ကြတာပါ။ ပေါ်တာက ချယ်လ်ဆီးရဲ့ ကြယ်ပွင့် ကစားသမားတွေရဲ့ ထောက်ခံမှုကို ဆုံးရှုံးခဲ့ပါတယ်” ဆိုပြီး သုံးသပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။