အင်္ဂလန် လက်ရွေးစင် ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အိုဟားရားက မကြာသေးမီကပဲ အင်္ဂလန်ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူနိုင်ခဲ့တဲ့ အင်္ဂလန် အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဆွီဒင်ရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်ထက် ပိုကောင်းတဲ့ တိုက်စစ်မှူး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် စပါးနဲ့ အင်္ဂလန်တို့ရဲ့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ကစားခဲ့တဲ့ အီတလီ ၁-၂ အင်္ဂလန် ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး ၁ဂိုး သွင်းယူပေးနိုင်ခဲ့ပြီးနောက် ဂန္တဝင် တိုက်စစ်မှူးကြီး ဝိန်းရွန်းနီကို ကျော်ဖြတ်ကာ အင်္ဂလန်ရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရရှိခဲ့သူပါ။

Photo Credit: Talk Sports

ဟယ်ရီကိန်းက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အင်္ဂလန် ၂-၀ ယူကရိန်း ပွဲစဉ်မှာလည်း အသင်းရဲ့ တိုက်စစ်ပိုင်းကို အကောင်းဆုံး ဦးဆောင်နိုင်ခဲ့သလို အသင်းအတွက် အရေးပါတဲ့ အဖွင့်ဂိုးကိုလည်း ဆာကာရဲ့ လှပတဲ့ ဖြတ်တင်ဘောကို အကောင်းဆုံး ပိတ်သွင်းကာ သွင်းယူပေးခဲ့ပါသေးတယ်။

ဒါကြောင့် ဟယ်ရီကိန်းရဲ့ နိုင်ငံတကာသွင်းဂိုး အရေအတွက်ဟာ စုစုပေါင်း ၅၅ဂိုး အထိ ရှိလာပြီ ဖြစ်ကာ စပါးရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ အိုဟားရားက ဟယ်ရီကိန်းဟာ ဆွီဒင်ရဲ့ ဝါရင့် တိုက်စစ်မှူး အီဘရာဟီမိုဗစ်လို အကြာကြီး ကစားနိုင်မယ့် တိုက်စစ်မှူး ဖြစ်ကြောင်းနဲ့ သူ့အတွက် ဟယ်ရီကိန်းက အီဘရာဟီမိုဗစ်ထက် ပိုကောင်းတဲ့ တိုက်စစ်မှူး ဖြစ်ကြောင်း ပြောကြားလာပါတယ်။

Photo Credit: Talk Sports

အိုဟားရားက – “ဟယ်ရီကိန်းက အင်္ဂလန်အတွက် ဂိုး ၈၀ ၊ ၉၀လောက် သွင်းပေးနိုင်မယ့် တိုက်စစ်မှူးပါ။ သူက အင်္ဂလန် အတွက် နောက်ထပ် ၄နှစ် ၊ ၅နှစ်လောက် ဆက်ကစားပေးပါလိမ့်မယ်။ အီဘရာဟီမိုဗစ်က အသက် ၄၁နှစ် အရွယ်ကို ရောက်နေပေမယ့် ဆွီဒင်အတွက် ကစားပေးနေတုန်းပါပဲ။ ဟယ်ရီကိန်းကလည်း အသက် ၃၅နှစ် ၊ ၃၆နှစ် ရောက်တဲ့ အထိ အင်္ဂလန် အတွက် ကစားပေးပါလိမ့်မယ်။ ဟယ်ရီကိန်းနဲ့ အီဘရာဟီမိုဗစ်တို့က ခြေစွမ်းချင်း တူညီတဲ့ တိုက်စစ်မှူးတွေပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ဟယ်ရီကိန်းဟာ အီဘရာဟီမိုဗစ်ထက် ပိုကောင်းတဲ့ ဘောလုံးသမားလို့ ယုံကြည်ပါတယ်” ဆိုပြီး ထုတ်ဖော် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

မကြာသေးမီကမှ ယူရိုပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ကစားသမားတွေ အနက် အသက်အကြီးဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားတဲ့ ဆွီဒင်ရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်က ဆွီဒင်အတွက် သွင်းဂိုး ၆၂ဂိုး အထိ သွင်းယူပေးထားနိုင်သူပါ။