ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ မန်ယူအသင်းကနေ ဘာတန်အသင်းထံကို အငှားနဲ့ သွားရောက်ကစားနေတဲ့ လူငယ် ဂိုးသမားလေး အိုဟားရားဟာ တစ်ဖက်အသင်းရဲ့ ကစားသမားကို ကိုက်ခဲ့တာကြောင့် ၆ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံလိုက်ရတယ်လို့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဖြစ်တဲ့ အက်ဖ်အေက အတည်ပြု ထုတ်ပြန်ကြေညာသွားခဲ့ပါတယ်။ အိုဟားရားဟာ ဘာတန်အသင်းနဲ့ ပီတာဘရော့အသင်းတို့ရဲ့ ပွဲစဉ်မှာ တစ်ဖက်ကစားသမားကို ကိုက်ခဲ့တဲ့ ပြစ်ဒဏ်ကို ကျူးလွန်ခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Standard.com

အသက်၂၃နှစ်အရွယ် အိုဟားရားဟာ ပြီးခဲ့တဲ့ လိဂ်ဝမ်းပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဘာတန်အသင်းနဲ့ ပီတာဘရော့အသင်းတို့ ပွဲစဉ်ရဲ့ ပွဲကစားချိန် ၄၄မိနစ်မှာ တစ်ဖက်အသင်းရဲ့ ကစားသမားကို ကိုက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ပြစ်မှုကျူးလွန်မှုက ထင်ရှားခဲ့တာကြောင့် အက်ဖ်အေက ဒီနေ့မှာပဲ ပြစ်ဒဏ်ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။ အက်ဖ်အေဟာ အိုဟားရားကို ၆ပွဲပယ်ပြစ်ဒဏ်နဲ့အတူ ဒဏ်ကြေးအဖြစ် ပေါင်၂၅၀၀ပေးဆောင်စေဖို့ အမိန့်ချမှတ်ခဲ့တာပါ။ အဆိုပါပြစ်ဒဏ်ကြောင့် အိုဟားရားဟာ ဧပြီလအထိ ဘာတန်အသင်းရဲ့ ပွဲတွေကို လွဲချော်တော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Standard.com

အက်ဖ်အေရဲ့ ထုတ်ပြန်ကြေညာမှုမှာတော့ ” စည်းကမ်းထိန်းသိမ်းရေး ကော်မတီက အက်ဖ်အေက ချမှတ်ထားတဲ့ စည်းမျဉ်းE3ကို ချိုးဖောက်ခဲ့တ​ဲ့ ဘာတန်ဂိုးသမား အိုဟားရားကို ၆ပွဲပယ်ပြစ်ဒဏ်နဲ့အတူ ဒဏ်ငွေ ပေါင်၂၅၀၀ ပေးချေဖို့ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ အိုဟားရားဟာ ၂၉ရက်နေ့ ဖေဖော်ဝါရီလမှာ ကစားခဲ့တဲ့ ဘာတန်အသင်းနဲ့ ပီတာဘရော့အသင်းတို့ရဲ့ ပွဲမှာ သူ့ရဲ့အပြုအမူတွေကို မထိန်းသိမ်းနိုင်ခဲ့တာကြောင့် အခုလို ပြစ်ဒဏ်ချမှတ်ခံရတာပါ ” လို့ ပါဝင်ပါတယ်။ အိုဟားရားဟာ မန်ယူအသင်းအတွက် ကစားပေးခွင့်မရသေးပေမယ့် မိခင်နိုင်ငံ ဖြစ်တဲ့ အိုင်ယာလန်နိုင်ငံအတွက် နှစ်ပွဲပါဝင် ကစားပေးထားသူပါ။