ဝူဟန်ဗိုင်းရပ်စ် ကိုရိုနာဗိုင်းရပ်စ် Covid-19 အဆုတ်ရောင်ကူးစက်ပိုး အစရှိသဖြင့် အမျိုးမျိုးခေါ်တွင်နေကြတဲ့ ရောဂါဆိုးကြီးကတော့ တရုတ်နိုင်ငံကနေ ပေါ်ပေါက်လာခဲ့ရာကနေ အခုတော့ ဥရောပနိုင်ငံတွေအပါအဝင် ကမ္ဘာပေါ်ကနေ နေရာတော်တော်များများကိုပါ ပျံနှံလို့နေပြီး ဘောလုံးပြိုင်ပွဲတွေဆီကိုပါ လာရောက်ရိုက်ခတ်လာခဲ့ပါတယ်။ ဆိုတော့ လက်ရှိအချိန်မှာ ဒီဗိုင်းရပ်ဂယက်စ်ကြောင့် ပရိသတ်တွေမပါဝင်ပဲ ကွင်းပိတ်ကစားရတာတွေ ပွဲရွေ့ဆိုင်းရတာတွေကိုပါ လုပ်ဆောင်နေရပြီး ပရိသတ်အကြိုက်ပွဲတွေမှာ သွားရောက်ရိုက်ခတ်စေပါတယ်။

အခုလည်း စပိန်နိုင်ငံ ဆီဗီလာမြို့မှာ ကျင်းပပြုလုပ်တော့မယ် ဆီဗီလာအသင်းနဲ့ ရိုးမားအသင်းတို့ရဲ့ ယူရိုပါလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ပထမအကျော့ပွဲစဉ်ကို ရွေ့ဆိုင်းခဲ့ရပြီလို့ ထုတ်ပြန်လာခဲ့ပါတယ်။ အကြောင်းရင်းကတော့ အီတလီနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ပျံနှံဖြစ်ပွားမှုက အတော်လေးမြင့်တတ်နေတာကြောင့် ရိုးမားအသင်းသားတွေနဲ့ အသင်းရဲ့ဝန်ထမ်းများအားလုံးကို အခြားနိုင်ငံတစ်နိုင်ငံဆီ ခရီးသွားလာခြင်းမပြုရန် အာဏပိုင်များဘက်ကနေ တားမြစ်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ရိုးမားအသင်းကလည်း ဆီဗီလာမြို့မှာ သွားရောက်ကစားဖို့ ပယ်ဖျက်ခဲ့တာပဲဖြစ်ပါတယ်

ကနဦးပိုင်းတုန်းကတော့ ဒီပွဲကို ပွဲကြည့်ပရိသတ်တွေ တစ်ဦးတစ်ယောက်မှမပါဝင်ပဲ ကွင်းပိတ်ကျင်းပဖို့ စီစဉ်ထားခဲ့တာဖြစ်ပေမယ့် လုံခြုံရေးအစီအစဉ်တွေကြောင့် ပွဲကိုရွေ့ဆိုင်းလိုက်ဖို့သာ ဆုံးဖြတ်လိုက်ရတာဖြစ်ပါတယ်။ တကယ်တော့ ဒီပွဲစဉ်ဟာ ဒီတစ်ပတ်တာရဲ့ယူရိုပါလိဂ်ပွဲစဉ်တွေထဲမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲဖြစ်နေတဲ့အတွက် ပွဲကြည့်ပရိသတ်တွေအတွက် အလွန်နစ်နာခဲ့ရပါတယ်။ ဒါ့အပြင် အီတလီနိုင်ငံ မီလန်မြို့မှာ ကျင်းပမယ့် အင်တာမီလန်အသင်းနဲ့ ဂီတာဖေးအသင်းတို့ရဲ့ ယူရိုပါလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ပထမအကျော့ပွဲစဉ်မှာလည်း အလားတူဖြစ်ရပ်လိုပဲ ပွဲကိုရွေ့ဆိုင်းလိုက်ရပါတယ်။ နောက်ပြီး နာမည်ကြီးမန်ချက်စတာယူနိုက်တက်အသင်းနဲ့ သြစတြီးယားကလပ် LASK အသင်းတို့ သြစတြီးယားနိုင်ငံမှာ ကစားရမယ့် ယူရိုပါလိဂ်ပွဲမှာလည်း ပရိသတ်တွေမပါဝင်ပဲ ကွင်းပိတ်ကျင်းပရဦးမှာဖြစ်ပါတယ်။