ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ အဓိကပစ်မှတ် ကစားသမားဖြစ်သူ ပြင်သစ်တိုက်စစ်မှူးလေး ကီလီယန်အမ်ဘာပေကို အခုနှစ်မှာပဲ အရခေါ်ယူနိုင်ဖို့အတွက် စျေးကွက်မပိတ်သိမ်းခင် ရက်ပိုင်းအလိုမှာ နောက်ဆုံးအကြိမ် ကမ်းလှမ်းမှုတစ်ရပ်အဖြစ် ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၇၀)+အပိုဆုကြေး ယူရို(၁၀)သန်းနဲ့ တရားဝင် ကမ်းလှမ်းသွားဖွယ် ရှိနေတယ်လို့ နာမည်ကြီး အပြောင်းအရွှေ့သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက သူရဲ့တွစ်တာစာမျက်နှာပေါ်ကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Twitter

ဒီနှစ်နွေစျေးကွက်အတွင်းမှာ နောက်ခံကစားသမား ဒေးဗစ်အလာဘာ တစ်ဦးတည်းကိုသာ ခေါ်ယူထားခဲ့ရတဲ့ ရီးယဲလ်မက်ဒရစ်အသင်းဟာ စျေးကွက်မသိမ်းခင် ရက်ပိုင်းအလိုမှာပဲ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဘာပေကိုပါ ထပ်မံခေါ်ယူနိုင်ဖို့ အပြင်းအထန် ကြိုးပမ်းလာခဲ့ပြီး ကစားသမားကိုယ်တိုင်ကလည်း ရီးယဲလ်အသင်းဆီ ပြောင်းရွှေ့ခွင့်ရဖို့အတွက် ပီအက်စ်ဂျီအသင်းကို တွန်းအားပေးလျက် ရှိနေတယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီဘက်ကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမား ဘာပေကို အသင်းကနေ လက်မလွတ်ချင်ပေမယ့်လည်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ ဘာပေရဲ့ စာချုပ်သက်တမ်းကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ရဖို့အတွက် အခုစျေးကွက်ထဲမှာပဲ ရောင်းချရဖွယ် ရှိနေပါတယ်။

Photo Credit : AS English

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်ကြယ်ပွင့် တိုက်စစ်ကစားသမားလေး ဘာပေဟာ ၂၀၁ရခုနှစ်ကမှ မိုနာကိုအသင်းကနေ ပီအက်စ်ဂျီအသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ပြည်တွင်းဆုဖလားအားလုံး ရယူနိုင်ခဲ့သလို ပြင်သစ်လက်ရွေးစင်အသင်းနဲ့လည်း ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ထားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းအတွက် (၄)ရာသီခန့် ပါဝင်ကစားထားခဲ့ပြီး ပြိုင်ပွဲစုံပွဲပေါင်း (၁၇၄)ပွဲမှာ သွင်းဂိုးစုစုပေါင်း (၁၃၃)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့တဲ့ ဘာပေဟာ ပီအက်စ်ဂျီရဲ့ အဓိက ဂိုးသွင်းစက်ဖြစ်ပေမယ့် အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ဖို့ကို အကြိမ်ကြိမ် ငြင်းဆန်လို့ထားတာကြောင့် ဒီစျေးကွက်အတွင်းမှာပဲ အသင်းနဲ့ လမ်းခွဲရဖို့က နီးစပ်လာခဲ့ရတာ ဖြစ်ပါတယ်။ ဘာပေကို အမှန်တကယ် အလိုရှိနေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းကတော့ ဘာပေကို အရခေါ်ယူဖို့အတွက် ဒီကနေ့မှာပဲ ဆွေးနွေးမှုတွေကို လုပ်ဆောင်သွားဖွယ် ရှိနေပြီး ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း(၁၇၀)အပါအဝင် အပိုဆုကြေး ယူရို(၁၀)သန်းနဲ့ နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ကမ်းလှမ်းဖွယ် ရှိနေတယ်လို့ သိရှိရပါတယ်။