ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ ဟက်ဆန် အိုဒွိုင်းက ပုံမှန် ပွဲထွက်ခွင့် ရချင်တာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ ချယ်လ်ဆီးကနေ အခြားအသင်း တသင်းဆီ အငှားနဲ့ ထွက်ကစားခွင့် တောင်းခံထားကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် အင်္ဂလန် တောင်ပံတိုက်စစ် ကစားသမား ဟက်ဆန် အိုဒွိုင်းက ချယ်လ်ဆီးရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ လူငယ်ကြယ်ပွင့် တဦး ဖြစ်ပြီး အရည်အသွေးမြင့် ကစားသမား တဦး ဖြစ်တာကြောင့် အနာဂတ်မှာ တောက်ပလာနိုင်တဲ့ လူငယ် ကစားသမား အဖြစ် သတ်မှတ်ခံထားရသူပါ။

Photo Credit: Goal

ဒါပေမယ့် အိုဒွိုင်းက ချယ်လ်ဆီးမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတာကြောင့် ခြေစွမ်းကောင်းတွေကို ထုတ်ပြနိုင်ဖို့ ခဲယဉ်းနေပြီး ချယ်လ်ဆီးနည်းပြ တူဟယ်လ်ကလည်း ပူလီဆစ် ၊ ဟားဗက် ၊ မေဆန်မောင့် ၊ စတာလင်း ၊ ဗာနာ စတဲ့ တောင်ပံတိုက်စစ်မှာ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားချိန်မှာ အိုဒွိုင်းကို ပုံမှန် ပွဲထွက်ခွင့် ပေးဖို့ ခက်ခဲနေပါတယ်။

ဒါကြောင့်ပဲ အိုဒွိုင်းက ယခု နွေဈေးကွက် အတွင်းမှာပဲ ချယ်လ်ဆီးကို စွန့်ခွာကာ အခြားအသင်း တသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ကစားဖို့ ဆုံးဖြတ်ထားပြီး အိုဒွိုင်းနဲ့ သူ့ရဲ့ အေးဂျင့်တို့က အသင်းပြောင်းခွင့် ပေးဖို့ ချယ်လ်ဆီးထံ တရားဝင် တောင်းဆိုထားကြောင်း နာမည်ကြီးဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနက ဖော်ပြထားပါတယ်။

Photo Credit: Goal

နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုကလည်း အိုဒွိုင်းဟာ ချယ်လ်ဆီးကနေ အခြားအသင်း တသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ချင်နေကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး လက်ရှိမှာ လက်စတာနဲ့ ဆောက်သမ်တန်တို့က အိုဒွိုင်းကို အငှားနဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ အသီးသီး ပြုလုပ်ထားကြကြောင်း သိရပါတယ်။