ဒီနှစ်ဘောလုံးရာသီမှာမှ ပထမဆုံးအနေနဲ့ သတ်မှတ်ပေးလိုက်တဲ့ ပရီးမီးယားလိဂ် ဆောင်းရာသီအားလပ်ရက်ကတော့ ၂ပတ်လောက်ကို ကြာမြင့်မှာဖြစ်တာကြောင့် အသင်းတွေအများစုက ပြည်ပနိုင်ငံတွေမှာ လေ့ကျင့်ခန်းဆင်းရင်းနဲ့ အနားယူအပန်းဖြေမှုတွေကို လုပ်ဆောင်လျက်ရှိနေပါတယ်။ ဒီအသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းလည်း အပါအဝင်ဖြစ်ပြီးတော့ လာမယ့်တစ်ပတ်မှာပဲ စပိန်နိုင်ငံက အအေးဓါတ်လျော့နည်းတဲ့ ဒေသတစ်ခုမှာ လေ့ကျင့်ခန်းဆင်းမှုတွေကို စတင်ပြုလုပ်မှာဖြစ်ကာ တိုက်စစ်မှူးသစ်အိုဒီယွန်အီဂါလိုကတော့ ဒီလေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ရမှာဖြစ်တယ်လို့ အသင်းဘက်ကနေ တရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : Metro

ယူနိုက်တက်အသင်းဟာ လာမယ့် ဖေဖော်ဝါရီ၁၇ရက်နေ့မှာ ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၆)ကို ပြန်လည်ဆင်နွဲရတော့မှာဖြစ်လို့ ပြိုင်ပွဲတွေကို ပြန်လည်မကစားရသေးခင် အခုလို ပြည်ပနိုင်ငံတစ်ခုမှာ လေ့ကျင့်ခန်းတွေလုပ်ရင်းနဲ့ ကစားသမားတွကိုပါ နားရက်တွေ ပေးထားခဲ့တာဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ စပိန်ခရီးစဉ်ကိုတော့ ကစားသမားအများအပြား လိုက်ပါလာမှာဖြစ်ပေမယ့်လည်း ဒဏ်ရာပြသာနာတွေကနေ သက်သာဖို့ အချိန်ယူရဦးမယ့် တိုက်စစ်ကစားသမား မားကပ်ရပ်ဖိုဒ့်နဲ့ ကွင်းလယ်ကစားသမား ပေါလ်ပေါ့ဘာတို့တော့ ပါဝင်လာခြင်းမရှိသလို တိုက်စစ်မှူးသစ် အီဂါလိုကလည်း မန်ချက်စတာမှာပဲ ကျန်ရစ်ခဲ့မယ်လို့ သိရပါတယ်။

Photo Credit : Daily Express

အသက်၃၀အရွှယ် နိုင်ဂျီးရီးယားလက်ရွေးစင် တိုက်စစ်ကစားသမား အီဂါလိုဟာ ဆောင်းရာသီစျေးကွက်ရဲ့နောက်ဆုံးနေ့မှ ယူနိုက်တက်အသင်းဆီကို တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းကနေ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ အခုလို အီဂါလို လိုက်ပါနိုင်ခြင်းမရှိတာနဲ့ပတ်သက်ပြီး ယူနိုက်တက်နည်းပြဆိုးလ်ရှားက “ဘာကြောင့်လဲဆိုတော့ သူက တရုတ်နိုင်ငံကနေ ဒီကိုရောက်နေတာ သိပ်မကြာသေးဘူးလေ။ တရုတ်နိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး တကယ်လို့ သူသာ စပိန်နိုင်ငံကို ကျွန်တော်တို့နဲ့အတူ လိုက်ပါလာခဲ့ပြီး အင်္ဂလန်နိုင်ငံအတွင်း ပြန်ဝင်ခွင့်မပြုတော့မှာကို ကျွန်တော်တို့ စိုးရိမ်လို့ပါ” လို့ ရှင်းပြသွားခဲ့ပါတယ်။ ဒါပေမယ့် သတင်းကောင်းတစ်ခုကတော့ ဒဏ်ရာပြသာနာတွေကြောင့် ရက်ပိုင်းများစွာ အနားယူနေရတဲ့ ကွင်းလယ်ကစားသမား တွမ်မီနေးနဲ့ နောက်ခံလူုတွမ်ဇီဘီတို့ကတော့ စပိန်လေ့ကျင့်ရေးကို အသင်းနဲ့ လိုက်ပါသွားမှာဖြစ်ပြီး သိပ်မကြာခင်မှာလည်း အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မှာဖြစ်ပါတယ်။