မကြာခင်မှာ စတင်ဖွင့်လှစ်သွားတော့မယ့် ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်းမှာ ကစားသမားသစ် ဖြည့်တင်းမှုတွေ များစွာကို လုပ်ဆောင်သွားဖွယ် ရှိလို့နေတဲ့ နယူးကာဆယ်ယူနိုက်တက်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပါဝင်ကစားခဲ့ဖူးတဲ့ တိုက်စစ်ကစားသမား အီဂါလိုကို ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ခေါ်ဆောင်သွားဖို့အတွက် စိတ်ဝင်စားနေတယ်လို့ Sky Sports ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၃၂)နှစ်အရွှယ်ရှိ နိုင်ဂျီရီးယားလက်ရွေးစင် တိုက်စစ်ကစားသမား အီဂါလိုဟာ ဝက်ဖိုဒ့်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးသူ ဖြစ်သလို သူငယ်စဉ်ကတည်းက အားပေးလာခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာလည်း ပွဲပေါင်း(၂၀)ကျော်ထိ ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။ ယူနိုက်တက်အတွက် ပွဲပေါင်း(၂၃)ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး(၅)ဂိုး သွင်းယူနိုင်ခဲ့တဲ့ အီဂါလိုဟာ လက်ရှိ ဆော်ဒီအာရေဗျကလပ် အယ်လ်ရှာဘတ်အသင်းမှာ ပါဝင်နေသူဖြစ်ပေမယ့် သူ့လို ပရီးမီးယားလိဂ် အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ တိုက်စစ်ကစားသမားမျိုးကို တိုက်စစ်ပိုင်း အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ နယူးကာဆယ်အသင်းကနေ စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Goal

ပြီးခဲ့တဲ့ အောက်တိုဘာလကမှ ပိုင်ရှင်အပြောင်းအလဲ ဖြစ်လို့ထားတဲ့ နယူးကာဆယ်အသင်းဟာ လက်ရှိမှာ ရလဒ်ပိုင်းတွေ အလွန်ဆိုးရွှားလျက် ရှိနေတဲ့အတွက် လာမယ့်ဆောင်းစျေးကွက်အတွင်းမှာ ကစားသမား အင်အားဖြည့်တင်းမှုတွေ အလုံးအရင်းနဲ့ လုပ်ဆောင်သွားဖွယ် ရှိလို့နေပြီး ကစားသမား အများအပြားကို ပစ်မှတ်ထားလို့နေပါတယ်။ ဒီကစားသမားတွေထဲမှာ တိုက်စစ်ကစားသမား အီဂါလိုပါ ပါဝင်လာခဲ့ပြီး အီဂါလိုကိုယ်တိုင်ကလည်း သူကျင်လည်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပြန်လည်ပြောင်းရွှေ့လာဖို့ စိတ်ပါဝင်စားလျက် ရှိလို့နေပါတယ်။ နယူးကာဆယ်အသင်းအနေနဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမား များစွာကို ချိန်ရွှယ်နေပေမယ့် အီဂါလိုမျိုး အတွေ့အကြုံကောင်းတွေရော ခြေစွမ်းပိုင်းကောင်းမွန်မှုတွေပါ ပိုင်ဆိုင်ထားတဲ့ ကစားသမားမျိျုးကို ပြောင်းရွှေ့ကြေးအနည်းငယ်သာ ခေါ်ယူနိုင်မှာ ဖြစ်တာကြောင့် အီဂါလိုကို အရခေါ်ယူဖွယ် ရှိနေပါတယ်။ အီဂါလိုဟာ ဒီနှစ်ဘောလုံးရာသီအတွင်းမှာလည်း သူရဲ့လက်ရှိကလပ် အယ်လ်ရှာဘတ်အသင်းအတွက် ဆော်ဒီအမှတ်ပေးပြိုင်ပွဲအတွင်း (၁၃)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၉)ဂိုးအထိပါ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။