မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကမှ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းကနေ ရာသီကုန်အငှားစာချုပ်နဲ့ ခေါ်ယူထားခဲ့တဲ့ နိုင်ဂျီးရီးယားတိုက်စစ်ကစားသမား အိုဒီယွန်အီဂါလိုကို သူရဲ့အငှားသက်တမ်း ပြည့်မြောက်သွားခဲ့ပြီဖြစ်လို့ ဒီနေ့မှာပဲ သူရဲ့ မိခင်ကလပ်အသင်းဆီ ပြန်လည်ပို့ဆောင်ရတော့မှာဖြစ်ပေမယ့် Sky Sports ကနေ ဖော်ပြလာခဲ့သတင်းတွေအရ ယူနိုက်တက်ဟာ အီဂါလိုကို နောက်ထပ်အငှားသက်တမ်းတိုးမြှင့်နိုင်ဖို့ နီးစပ်လို့နေပြီး အသင်းနဲ့ လာမယ့်၂၀၂၁ခုနှစ် ဇန်နဝါရီလအထိ ဆက်လက်ပူးပေါင်းဖွယ်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Getty Image

အသက်(၃၀)အရွှယ်ရှိ နိုင်ဂျီးရီးယားလက်ရွေးစင် တိုက်စစ်ကစားသမား အီဂါလိုဟာ ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်ရဲ့ နောက်ဆုံးမိနစ်အတွင်းမှာပဲ ယူနိုက်တက်အသင်းဆီကို အငှားနဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ပြိုင်ပွဲစုံ(၈)ပွဲ ကစားပေးခဲ့ပြီး သွင်းဂိုး(၄)ဂိုးအထိ ရယူနိုင်ခဲ့ပါတယ်။ အသင်းအတွက် အကျိုးပြုတဲ့ ကစားသမားဖြစ်ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေ ရပ်နားလိုက်ရတာမို့ အီဂါလိုလည်း ယူနိုက်တက်အတွက် ထပ်ကစားပေးရခြင်းမရှိတော့ပဲ သူရဲ့ အငှားသက်တမ်းကပါ ကုန်ဆုံးသွားခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Getty Image

အီဂါလိုကို သူရဲ့ မိခင်အသင်း ရှန်ဟိုင်းရှင်ဟွာကနေ အငှားစာချုပ်ပြည့်ချိန်မှာ အသင်းနဲ့ လာရောက်ပူးပေါင်းစေချင်ပေမယ့် တရုတ်ဘောလုံးအဖွဲ့ချုပ်ကနေ နိုင်ငံခြားကစားသမားတွေအတွက် ထုတ်ပြန်ုလိုက်တဲ့ စည်းမျဉ်းတစ်ခုကြောင့် အီဂါလိုအနေနဲ့ တရုတ်ပြည်ထဲကို ပြန်လည်ဝင်ရောက်ဖို့က ခက်ခဲနိုင်ပြီး လာမယ့်အောက်တိုဘာလလောက်မှသာ ရှန်ဟိုင်းရှင်ဟွာဆီ ပြန်နိုင်ဖွယ်ရှိနေတာကြောင့် ယူနိုက်တက်အနေနဲ့ အီဂါလိုရဲ့ အငှားသက်တမ်းကို တိုးမြှင့်ဖို့ အသည်းအသန် ကြိုးစားလာခဲ့ရတာဖြစ်ပါတယ်။ ဒီလိုကြိုးစားမှုတွေက တိုးတတ်မှု သိပ်မရှိခဲ့ပေမယ့်လည်း သိပ်မကြာသေးခင် Sky Sports ကနေ ဖော်ပြလာခဲ့တဲ့ သတင်းတွေထဲမှာ အီဂါလိုကို ယူနိုက်တက်အသင်းဘက်ကနေ ၂၀၂၁ခုနှစ် ဇန်နဝါရီလအထိ ဆက်လက်ငှားရမ်းခေါ်ယူနိုင်ဖို့ အလွန်ကို နီးစပ်နေပြီလို့ သိရှိရပါတယ်။ ရှန်ဟိုင်းကလည်း အီဂါလို ၂၀၂၄ခုနှစ်အထိ တစ်ပတ်လုပ်ခ ပေါင်(၄)သိန်းလောက်အထိကို ပေးချေပြီး စာချုပ်သစ်ချုပ်ဆိုသွားဖို့ ရှိနေတယ်လို့လည်း သိရှိရပါတယ်။