မန်ချက်စတာယူနိုက်တက်အသင်းမှာ ကာလအနည်းငယ် ပါဝင်ကစားသွားခဲ့တဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး အိုဒီယွန်အီဂါလိုက ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားခဲ့ရခြင်းဟာ သူရဲ့အိမ်မက်တစ်ခုသာဖြစ်ကြောင်း ဝန်ခံပြောဆိုသွားခဲ့သလို ယူနိုက်တက်မှာ ပါဝင်ခဲ့ရလို့လည်း နောင် လုံးဝမရရှိခဲ့ဘူးလို့ ထုတ်ပြန်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Eurosport

လက်ရှိမှာ အသက်(၃၂)နှစ်အရွှယ် ရှိနေပြီဖြစ်တဲ့ နိုင်ဂျီးရီးယား တိုက်စစ်ကစားသမားကြီး အီဂါလိုဟာ ၂၀၂ဝခုနှစ် ဆောင်းရာသီ အပြောင်းအရွှေ့ စျေးကွက်ရဲ့ Deadline Day မှာပဲ ရှန်ဟိုင်းရှန်ဟွာအသင်းကနေ ယူနိုက်တက်ကို အငှားနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ယူနိုက်တက်အသင်းရဲ့ ပထမဦးဆုံး နိုင်ဂျီးရီးယား ကစားသမားပါ ဖြစ်လာခဲ့ရပါတယ်။ ယူနိုက်တက်အသင်းမှာ တစ်နှစ်နီးပါးခန့်လောက်အထိ အငှားကစားသမားအဖြစ် ကျင်လည်ခဲ့တဲ့ အီဂါလိုဟာ အသင်းအတွက် ပြိုင်ပွဲစုံ(၂၃)ပွဲအတွင်း သွင်းဂိုး(၅)ဂိုး သွင်းယူနိုင်ခဲ့ပြီး ပါဝင်ကစားခွင့်ရတဲ့ ပွဲစဉ်တိုင်း ယူနိုက်တက်အတွက် တာဝန်ကျေအောင် ကစားပေးနိုင်ခဲ့ပါတယ်။

Photo Credit : Africa Top Sports

ယူနိုက်တက်အသင်းနဲ့ ပတ်သက်တဲ့ အမှတ်တရတွေနဲ့ ပတ်သက်ပြီး အီဂါလိုက “ကျွန်တော် ယူနိုက်တက်အသင်းဆီကိုသာ ပြန်သွားဖို့ အခွင့်အရေး ရခဲ့မယ်ဆိုရင် ဘာကြောင့် ပြန်သွားဖို့ မဖြစ်နိုင်ရမှာလဲ။ ကျွန်တော် အိုးထရက်ဖို့ဒ်ကွင်းထဲကနေ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ထွက်ခွာလာခဲ့ရတာပါ။ ဘာကြောင့်လဲဆိုတော့ ယူနိုက်တက်အသင်းဆိုတာ ကျွန်တော်ရဲ့ အိမ်မက်အသင်းဖြစ်ပြီးတော့ လူတိုင်းနီးပါး မက်ခဲ့ရတဲ့ အိမ်မက်ကို ကျွန်တော်က တကယ့် လက်တွေ့ရရှိခဲ့တာမို့ ဂုဏ်ယူမိတယ်။ အဲ့ဒီမှာ ရှိနေရတဲ့ ရက်တိုင်းလိုလိုက အရမ်းကို ဝမ်းမြောက်စရာကောင်းတယ်။ ယူနိုက်တက်အသင်းမှာ ကစားခဲ့ဖူးတဲ့ ပထမဆုံး နိုင်ဂျီးရီးယား ကစားသမားနဲ့ အခုချိန်ထိလည်း ဒီအသင်းရဲ့ တစ်ဦးတည်းသော နိုင်ဂျီးရီးယား ကစားသမား ဖြစ်နေတာကြောင့် ဒါတွေက ကျွန်တော့်အတွက် ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ဖြစ်သလို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့လို့လည်း ဝမ်းသာမိတယ်။ ဘုရားသခင်က ကမ္ဘာ့အကြီးဆုံး ကလပ်အသင်းကြီးမှာ ပါဝင်ကစားစေခဲ့လို့ ကျေးဇူးတင်မိပါတယ်။ ဒီအသင်းမှာ ပါဝင်ခဲ့ရလို့လည်း နောင်တရစရာ ဘာတစ်ခုမှကို မရှိခဲ့ဘူး။ ဒီအသင်းက ဒီနေ့ဒီချိန်ထိ ကျွန်တော်ရဲ့အသင်းဖြစ်နေသလို ဒီအသင်းကိုလည်း သေတဲ့အထိ ဆက်လက်အားပေးနေဦးမှာ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။