စပိန်အင်အားကြီး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းဟာ သူတို့အသင်းကနေ ရီးရဲလ် ဆိုစီဒက် အသင်းဆီ ၂နှစ် အငှားချထားတဲ့ လူငယ် ကွင်းလယ် ကစားသမား အိုဒီဂတ်ကို အသင်းထံ ပြန်လည် ခေါ်ယူကာ နေရာပေးသွားတော့မယ် လို့ သိရှိရပါတယ်။ အသက်၂၁နှစ်အရွယ်သာ ရှိသေးတဲ့ နော်ဝေ လူငယ် ကွင်းလယ် တိုက်စစ် ကစားသမား အိုဒီဂတ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းဆီကို အသက်၁၆နှစ်ကထဲက ရောက်ရှိလာသူ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ် အသင်းကြီးမှာ ၁၆နှစ် ၁၅၇ရက်ထဲက ကစားခွင့် ရရှိထားခဲ့ကာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ သမိုင်းမှာ အသက် အငယ်ဆုံးနဲ့ အသင်းအတွက် ပါဝင် ကစားခွင့် ရတဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo Credit: Marca

 

အဲ့ဒီနောက်မှာတော့ အိုဒီဂတ်ဟာ အသင်းမှာ ရှိတဲ့ ထိပ်တန်း ကစားသမားကြီးတွေ ကြောင့် အသင်းကြီးမှာ နေရာရဖို့ ရုန်းကန်ခဲ့ရပြီး လက်ရှိ ဘောလုံးရာသီ အစမှာတော့ ဆိုစီဒက်အသင်းဆီ ကို ၂နှစ် အငှားစာချုပ်နဲ့ အငှားထွက် ကစားဖို့ ဆုံးဖြတ်ခဲ့ပြီး အိုဒီဂတ်ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်ခဲ့တယ် လို့ ဆိုရမှာပါ။ အိုဒီဂတ်ဟာ လက်ရှိ ဘောလုံးရာသီမှာ ဆိုရင် ဆိုစီဒက် အသင်း အတွက် လာလီဂါပွဲစဉ် ၃၁ ပွဲအထိ ပါဝင် ကစားခွင့် ရခဲ့ပြီး ၄ဂိုး သွင်းယူထားကာ ၆ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ရီးရဲလ်မက်ဒရစ်အသင်းဟာ ဆိုစီဒက် အသင်းကို စာချုပ်ပါအတိုင်း လျော်ကြေးပေးကာ အိုဒီဂတ်ရဲ့ အငှားစာချုပ်ကို ဖျက်သိမ်းကာ အိုဒီဂတ်ကို အသင်းထံ ပြန်လည် ခေါ်ယူတော့မှာပါ။

Photo Credit: Marca

စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြမှုတွေအရ ရီးရဲလ်မက်ဒရစ်အသင်းဟာ အိုဒီဂတ် ကို စာချုပ် မကုန်ဆုံးမီ ပြန်လည် ခေါ်ယူခဲ့တာ ကြောင့် စာချုပ်ပါ လျော်ကြေးကို ပေးချေရတော့မှာ ဖြစ်ပြီး လျော်ကြေးဟာ ယူရို ၇သန်းခန့် ရှိနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။ ESPN သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ရီးရဲလ် မက်ဒရစ်အသင်းရဲ့ နည်းပြဖြစ်သူ ဇီဒန်းဟာ ဆိုစီဒက်အသင်းမှာ ပြသခဲ့တဲ့ အိုဒီဂတ်ရဲ့ ခြေစွမ်းကို အတော်လေး သဘောကျနေပြီး ဝါရင့် ကစားသမားတွေ များပြားနေတဲ့ အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အိုဒီဂတ်ကို နေရာပေးကာ သွေးသစ်လောင်းဖို့ စဉ်းစားထားတယ်လို့ သိရပါတယ်။ မက်ဒရစ်မြို့ အခြေစိုက် သတင်းဌာနတွေ ကတော့ အိုဒီဂတ်သာ ရီးရဲလ်မက်ဒရစ် အသင်းဆီ ပြန်လည် ရောက်ရှိလာပါက နေရာပျောက်သွားမယ့် ကစားသမားဟာ ခရိုအေးရှား ကွင်းလယ်လူ မိုဒရစ်ဖြစ်တယ်လို့ သုံးသပ် ထားကြပါတယ်။