ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းနဲ့ နော်ဝေအသင်းတို့ရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား ဖြစ်သူ မာတင် အိုဒီဂတ်ကတော့ ရီးရဲလ်မက်ဒရစ်အသင်း ကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာရတဲ့ အဓိက အကြောင်းအရင်းဟာ ချန်ပီယံလိဂ်ဆုဖလား ရယူနိုင်ဖို့ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ နော်ဝေအသင်းခေါင်းဆောင် အိုဒီဂတ်ဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်း ကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို၃၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းအတွက် အရေးပါမယ့် ကစားသမား ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံထားရသူပါ။

Photo Credit: Football London

အိုဒီဂတ်ဟာ ခြေစွမ်းခြေစ ရှိတဲ့ ကစားသမား တဦး ဖြစ်သလို သူ့ရဲ့ အကွက်မြင်မြင် ဖန်တီးပေးပို့မှု ၊ အသင်းနဲ့ လိုက်လျောညီထွေ ကစားနိုင်မှု ၊ အားကုန်သုံး ကစားတတ်မှုတို့ကြောင့် အာဆင်နယ်အသင်းရဲ့ နည်းပြ အာတီတာက အိုဒီဂတ်ကို ခေါ်ယူခဲ့တာ ဖြစ်ပြီး အိုဒီဂတ်ကလည်း သူ့ရဲ့ ကစားသမား ဘဝ အမြင့်မားဆုံး အောင်မြင်မှုတွေ ရယူနိုင်ဖို့ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ခဲ့တာပါ။

လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ရလဒ်ဆိုးတွေနဲ့ တောက်လျှောက် ကြုံတွေ့နေရပြီး အင်္ဂလန် ပရီးမီးယားလိဂ်မှာ ၃ပွဲကစား ၃ပွဲရှုံးဆိုတဲ့ ရလဒ်ကြောင့် အဆင့်၂၀နေရာ အထိ ရောက်ရှိနေပေမယ့် အိုဒီဂတ်က အသင်းအတွက် ၂ပွဲ ကစားပြီးချိန်မှာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Football London

အိုဒီဂတ်က အာဆင်နယ်အသင်းဟာ ယခုနှစ်မှာ ဥရောပဝင်ခွင့် ရအောင် အဓိက ပစ်မှတ်ထား ကြိုးစားသွားမှာ ဖြစ်ကာ အာဆင်နယ်အသင်းဆီ သူ ပြောင်းရွှေ့လာရတဲ့ အဓိက အကြောင်းအရင်းဟာ ချန်ပီယံလိဂ်ဆုဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို သိမ်းပိုက်နိုင်ဖို့ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အိုဒီဂတ်က – “အသင်းနဲ့ ပတ်သတ်ပြီး ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေ ကတော့ ဇယားထိပ်နားကို ပြန်သွားမယ်။ ပြီးတော့ ဥရောပဝင်ခွင့် အတွက် ယှဉ်ပြိုင်မယ်။ ဆုဖလားတွေ ရယူမယ်။ ဒါပါပဲ။ ဒီရာသီမှာတော့ ကျွန်တော်တို့က ဥရောပဝင်ခွင့် ရအောင် မဖြစ်မနေ ကြိုးစားရမယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါက ကျွန်တော်တို့အသင်း အတွက် အရမ်း အရေးပါပါတယ်။ အဲ့ဒါပြီးရင်တော့ ဆုဖလားတွေ ရယူနိုင်ဖို့ပေါ့။ အဓိကက ချန်ပီယံလိဂ်ဆုဖလား ရယူဖို့ပေါ့။ လိဂ်ဖလားကိုတော့ လာမယ့်နှစ်အနည်းငယ် အတွင်း ရယူနိုင်ဖို့ မျှော်မှန်းထားပါတယ်” ဆိုပြီး ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။