အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား မာတင် အိုဒီဂါတ်က ချန်ပီယံလိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မှာ ပီအက်စ်ဂျီအသင်းကို ရှုံးနိမ့်ခဲ့တဲ့ နာကျင်မှုကို ရှေ့ဆက်ဖို့အတွက် စိတ်ဓာတ်ခွန်အားအဖြစ် အသုံးပြုသွားဖို့ တိုက်တွန်းလိုက်ပါတယ်။
အာဆင်နယ်ဟာ ပါ့ခ်ဒေပရင့်စ်မှာ ဗုဒ္ဓဟူးနေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပွဲမှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက် ဂိုးတွေကို ဖာဘီယန် ရုစ်ဇ်နဲ့ ဟာကီမီတို့က သွင်းယူခဲ့ပြီး အာဆင်နယ်အတွက် ချေပဂိုးကိုတော့ ဘူကာယို ဆာကာက နောက်ကျမှ သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ ဆာကာနဲ့ ဒက်ကလန်ရိုက်စ်တို့ဟာ ဂိုးရဖို့ သေချာသလောက် အခွင့်အရေးတွေကို လွဲချော်ခဲ့ကြပါတယ်။
Photo Credit : Sky Sports
ဒါ့အပြင် ဒေးဗစ် ရာယာဟာ ဒုတိယပိုင်းမှာ ဗီတင်ညာရဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့ပေမယ့် ဂီယန်လူအီဂျီ ဒွန်နာရမ်မာရဲ့ အံ့အားသင့်ဖွယ် ကာကွယ်မှုတွေနဲ့ ဆာကာရဲ့ နောက်ဆုံးမိနစ်ပိုင်းက အကောင်းဆုံး အခွင့်အရေး လွဲချော်မှုတွေကြောင့် အာဆင်နယ်တို့ စိတ်ပျက်ခဲ့ရပါတယ်။ အာဆင်နယ်ရဲ့ စိတ်ပျက်စရာအချက်ကတော့ ဒီပွဲမှာ သူတို့ရဲ့ expected goal (xG) ဟာ ၃.၁၄ အထိ ရှိခဲ့ပြီး (၁)ဂိုးပဲ ရရှိခဲ့တာကြောင့်ပါပဲ။
TNT Sports နဲ့ စကားပြောရာမှာ အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂါတ်က “ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ပွဲအစကတည်းက အရမ်းကောင်းခဲ့တယ်။ အသင်းက တက်ကြွစွာ ကစားခဲ့ပြီး အခွင့်အရေးကောင်းတွေ ဖန်တီးနိုင်ခဲ့ပေမယ့် နောက်ဆုံးမှာ မလုံလောက်ခဲ့ပါဘူး။ ပွဲနှစ်ပွဲစလုံးမှာ ဂိုးဧရိယာထဲမှာ ကျွန်တော်တို့ အားနည်းခဲ့တယ်။ ပီအက်စ်ဂျီဂိုးသမားက အံ့မခန်း ကယ်တင်မှုတွေ ပြုလုပ်ခဲ့တာကို ချီးကျူးရမယ်။ ဒါပေမယ့် ကျွန်တော်တို့ မလုံလောက်ခဲ့လို့ နာကျင်ရပါတယ်။ ဂိုးဧရိယာထဲမှာ ပိုပြီး ထက်မြတ်ဖို့ လိုအပ်တယ်။ ဒီအရာက ပွဲရလဒ်ကို ဆုံးဖြတ်ပေးတယ်။ ဒီနာကျင်မှုကို အပြုသဘောနဲ့ အသုံးချပြီး ပိုသန်မာလာအောင် လုပ်ရမယ်။”
Photo Credit : Yardbarker
“ဒါက နာကျင်စရာပါ။ ကျွန်တော်တို့ ပြည်တွင်းလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ကြီးမားတဲ့ အောင်မြင်မှု ကြီးမားတဲ့ ပန်းတိုင်ကို ရောက်ချင်ခဲ့တာပါ။ အရမ်းကို စိတ်ပျက်မိပေမယ့် ကျွန်တော်တို့ ခိုင်ခိုင်မာမာနဲ့ စည်းလုံးညီညွတ်စွာ ဆက်ရှိနေရပါမယ်။ ဒီပွဲကနေ သင်ခန်းစာယူရမယ်။ နာကျင်မှုကို ခံယူပြီး ပိုမိုအားကောင်းတဲ့ပုံစံနဲ့ ပြန်လာနိုင်ဖို့ အသုံးချရပါမယ်။”
“ဒီအတွေ့အကြုံကနေ ကျွန်တော်တို့ သင်ခန်းစာယူရပါမယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့ အရာတွေ အများကြီး လုပ်နိုင်ခဲ့ပေမယ့် ဒါက မလုံလောက်သေးပါဘူး။ ပွဲတွေရဲ့အနိုင်အရှုံးကို ဂိုးရှေ့က အဆုံးအဖြတ်ပေးတာဖြစ်လို့ အဲ့ဒီနေရာမှာ ကျွန်တော်တို့ ပိုပြီးထက်မြက်ဖို့ လိုအပ်ပါတယ်။ ဒီနာကျင်မှုကို ကောင်းမွန်တဲ့နည်းလမ်းနဲ့ အသုံးချသွားရပါမယ်။” လို့ တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။