အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား မာတင် အိုဒီဂတ်က ဒီနေ့ည အိမရိတ်ဒ်ကွင်းမှာ ကစားသွားမယ့် FA Cup တတိယအဆင့် ပွဲစဉ်မှာ အသင်းအနေနဲ့ လီဗာပူးလ်ကို အနိုင်ယူပြီး bounce back လုပ်နိုင်ရမယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ဒီနောက်ပိုင်း ပွဲစဉ်တွေအတွင်း (၃)ပွဲဆက်တိုက်အထိ နိုင်ပွဲပျောက်ထားခဲ့ရသလို ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာလည်း ပရီးမီးယားလိဂ် (၄)ပွဲအထိ နိုင်ပွဲပျောက်ဆုံးထားခဲ့ရကာ အမှတ်ပေးဇယားရဲ့ အဆင့် (၄)နေရာထိ ကျဆင်းခဲ့ပါတယ်။

Photo Credit : CNN

အာဆင်နယ်က ဒီရာသီမှာ လိဂ်ဖလားပြိုင်ပွဲကနေ ထွက်ခွာထားခဲ့ရပြီဖြစ်ပြီး ပရီးမီးယားလိဂ်ဖလား အက်ဖ်အေဖလား နဲ့ ချန်ပီယံလိဂ် ဖလား(၃)လုံး လမ်းကြောင်းတို့မှာ ရှိနေရပေမယ့် အက်ဖ်အေဖလားမှာပဲ လီဗာပူးလ်အသင်းနဲ့ စောစောစီးစီး တွေ့ဆုံနေရပါတယ်။

လက်ရှိမှာ ရလဒ်တွေ ဆိုးရွားနေချိန် လီဗာပူးလ်လို တိုက်စစ်အားကောင်းလှတဲ့ အသင်းမျိုးနဲ့ အက်ဖ်အေဖလား တတိယအဆင့်မှာ ဆုံတွေ့နေရတာက အာဆင်နယ်အတွက်တော့ စမ်းသပ်ခံရမယ့် ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ။ ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး အာဆင်နယ် အသင်းခေါင်းဆောင် အိုဒီဂတ်ကတော့ “ရှုံးပွဲတွေကနေ သင်ယူပြီး အကောင်းဆုံး ပြန်လာနိုင်အောင် စွမ်းဆောင်သွားရပါမယ်။”

Photo Credit : Arsenal FC

“ဒါက လီဗာပူးလ်နဲ့ပွဲမှာ ကျွန်တော်တို့တွေ လုပ်ဆောင် ပြသသွားရမယ့် အခိုက်အတန့်ပါပဲ။ အဲ့ဒီလို ဖြစ်လာနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားပြီး လုပ်ဆောင်သွားပါမယ်။ ပြီးခဲ့တဲ့ရာသီနဲ့ ဒီရာသီအစပိုင်းတွေမှာ ကျွန်တော်တို့အသင်း လုပ်ဆောင်ခဲ့တာတွေကို ကလပ်အသင်းတွေက သေချာ လေ့လာလာတယ်။ ပြီးတော့ ပွဲတွေထဲမှာ ကျွန်တော်တို့ ဘာတွေ လုပ်လဲဆိုတာကို စောင့်ကြည့်လာတယ်။”

“နောက်ပြီး သူတို့က ကျွန်တော်တို့ကို အစွမ်းကုန် ကစားပြီး ရပ်တန့်ဖို့ ကြိုးစားနေကြပါတယ်။ ဒီလို စိန်ခေါ်မှုတွေကို သဘောကျတယ်။ အသင်းတွေက ကိုယ့်အသင်းကို လေးစားကြောင်း ပြသနေသလို ဖြစ်နေတာကလည်း ကောင်းတဲ့ လက္ခဏာပါ။ ကျွန်တော်တို့ အာဆင်နယ်အသင်းက ဆုဖလားတွေ ရယူချင်တဲ့ အသင်းပါ။ အခု ကျွန်တော်တို့က အင်အားကြီး အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ ဒါက နောက်ထပ် ပြိုင်ပွဲကြီးတစ်ခုမှာ နောက်တစ်ဆင့်ကို ထပ်တက်ဖို့ အခွင့်အရေးပါပဲ။” လို့ ပြောကြားသွားခဲ့ပါတယ်။