MySport Myanmar

အာဆင်နယ်ဆီ ပြောင်းလာဖို့ အာလင်း ဟာလန်းကို ဖိတ်ခေါ်လိုက်တဲ့ အိုဒီဂတ်

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ အဓိက ကွင်းလယ်တိုက်စစ် ကစားသမား အိုဒီဂတ်ကတော့ သူ့ရဲ့ နိုင်ငံလက်ရွေးစင် အသင်းဖော် ဖြစ်သူ အာလင်း ဟာလန်းကို အာဆင်နယ်ဆီ ပြောင်းရွှေ့လာဖို့ ဖိတ်ခေါ်သွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် နော်ဝေလက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ သူ့ရဲ့ လက်ရှိကလပ် ဒေါ့မွန်ကနေ ထွက်ခွာကာ ထိပ်တန်းအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားသူ ဖြစ်ပြီး သူက သူ့ရဲ့ဖခင် ကျင်လည်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ လာရောက် ကစားမယ်လို့လည်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

Photo Credit: Football London

လက်ရှိအချိန်မှာ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ စီးတီးက အာလင်း ဟာလန်းကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး မန်ချက်စတာ စီးတီးက ဟာလန်းရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၈၀သန်းကို ပေးချေဖို့ အသင့် ရှိနေသလို ဟာလန်းကိုလည်း တပတ်လုပ်ခလစာ ယူရို ၅သိန်း အထိ ပေးချေကာ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့လည်း ကမ်းလှမ်းထားပါတယ်။

ဒါကြောင့်ပဲ ဟာလန်းက မန်ချက်စတာ စီးတီးဆီ ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး ဟာလန်းရဲ့ အရင်းနှီးဆုံး သူငယ်ချင်းလည်းဖြစ် ၊ နော်ဝေအသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ အိုဒီဂတ်ကတော့ ဟာလန်းကသာ ပရီးမီးယားလိဂ် ပြိုင်ပွဲဆီ လာရောက် ကစားချင်ပါက အာဆင်နယ်ဆီ ပြောင်းရွှေ့လာဖို့ ဖိတ်ခေါ်ချင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Football London

အိုဒီဂတ်က – “ဟာလန်း တယောက် သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဘယ်လိုမျိုး ဆုံးဖြတ်ချက် ချမလဲ ဆိုတာ ကျွန်တော်တို့တွေ မကြာခင် သိရပါလိမ့်မယ်။ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ကျွန်တော်လည်း မသိသေးပါဘူး။ ဒါပေမယ့် တကယ်လို့ သူကသာ အင်္ဂလန်မြေဆီ လာမယ် ဆိုရင် အာဆင်နယ်ဆီကိုပဲ ပြောင်းရွှေ့ရပါမယ်။ ဒါက သူ လုပ်ကို လုပ်ရမယ့် အရာပါပဲ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version