MySport Myanmar

ဘိုင်ယန် တိုက်စစ်မှူး ဟယ်ရီကိန်းကို ကြောက်နေမှာ မဟုတ်ဘူးလို့ အိုဒီဂတ် သတိပေး

အာဆင်နယ်အသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား မာတင် အိုဒီဂတ်ကတော့ ဒီနေ့ သူတို့ ရင်ဆိုင်သွားရမယ့် ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ တိုက်စစ်မှူး ဟယ်ရီကိန်းကို ကြောက်နေမှာ မဟုတ်ဘူးလို့ သတိပေး ပြောကြားလိုက်ပါတယ်။

စပါး တိုက်စစ်မှူးဟောင်း ဟယ်ရီကိန်းဟာ ဒီရာသီမှ စပါးကနေ ဘိုင်ယန်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီးနောက် လက်ရှိအချိန်ထိ ဘိုင်ယန်အတွက် (၃၈)ဂိုး သွင်းယူထားသလို (၁၂)ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဟယ်ရီကိန်းက စပါးအသင်းမှာ ကစားစဉ်ကလည်း အာဆင်နယ်ဘက်ကို (၁၄)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါသေးတယ်။

Photo Credit : Sports Illustrated

အသက် (၃၀)အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဆုဖလားတွေ ကံမစပ်တဲ့ ကစားသမား ဖြစ်နေတဲ့အတိုင်း အခု ဘိုင်ယန်ကို ရောက်တော့လည်း ဒေသတွင်း ဆုဖလားတွေအားလုံးနဲ့ လွဲချော်ထားရပြီ ဖြစ်သလို ချန်ပီယံလိဂ်ကလည်း ရယူဖို့ကလည်း အလွန်ခက်ခဲနေရပါတယ်။

ဒါပေမယ့် ဟယ်ရီကိန်းက ဘိုင်ယန်အတွက်ကိုတော့ ဂိုးတွေ လောင်လောင် သွင်းယူပေးနေလို့ သွင်းဂိုးစံချိန်တွေကို ကျော်ဖြတ်နိုင်ဖို့ကလည်း အလားအလာ အရမ်းကောင်းနေပါတယ်။ အခုတော့ ဟယ်ရီကိန်းက တစ်ခါက စပါးနဲ့အတူ ခါးသီးပြိုင်ဘက်တွေ ဖြစ်ခဲ့ရတဲ့ အာဆင်နယ်နဲ့ ပြန်လည် ရင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Evening Standard

ဟယ်ရီကိန်းနဲ့ ပတ်သက်ပြီး အာဆင်နယ် ကွင်းလယ်လူ အိုဒီဂတ်က “သူက ကစားသမားကောင်းတစ်ဦးဆိုတာ သေချာပါတယ်။ ကျွန်တော် သူနဲ့လည်း အကြိမ်ကြိမ် ရင်ဆိုင်ကစားခဲ့ဖူးပြီး သူက ဂိုးဧရိယာထဲမှာလည်း ဘယ်လောက်အထိ အရည်အသွေးကောင်းတွေ ရှိလဲဆိုတာ ကျွန်တော်တို့ သိထားပါတယ်။”

“သူက ချိတ်ဆက် ကစားတဲ့နေရာမှာလည်း ထူးချွန်ပါသေးတယ်။ ကျွန်တော်တို့က တကယ်ကောင်းမွန်တဲ့ အသင်းနဲ့ ရင်ဆိုင်ရမှာပါ။ နောက်ပြီး ကျွန်တော်တို့ ဟယ်ရီကိန်းကို လေးစားသင့်တယ်လို့ ထင်မိပေမယ့် သူအပါအဝင် ဘယ်ကစားသမားကိုမှ မကြောက်သင့်ဘူးလို့လည်း ထင်ပါတယ်။ ကျွန်တော်တို့တွေ ကိုယ့်အသင်းအပေါ်မှာပဲ အာရုံစိုက်ထားသင့်ပါတယ်။ ဒါကလည်း ကျွန်တော်တို့အသင်းမှာ ရှိနေတဲ့ အရည်အသွေးပါပဲ။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Exit mobile version