စပိန်လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ လူငယ် ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦးဖြစ်သူ အိုဒီဂတ် ကတော့ ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ် အသင်းရဲ့ ရာသီဝက် အငှားနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းမှုကို ရရှိထားပေမယ့် ငြင်းဆန်ဖို့ရာ စဉ်းစားနေကြောင်း ဥရောပ နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အနာဂတ်မှာ ဥရောပရဲ့ ထွန်းတောက်လာမယ့် လူငယ် ကြယ်ပွင့်တွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရတဲ့ နော်ဝေ လက်ရွေးစင် အိုဒီဂတ်ဟာ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာ လာလီဂါ နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဆိုစီဒက်အသင်းထံ အငှားနဲ့ သွားရောက် ကစားခဲ့ရာမှာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ပြီး လာလီဂါ ပြိုင်ပွဲရဲ့ အကောင်းဆုံး လူငယ် ကွင်းလယ်လူ အဖြစ်ပါ သတ်မှတ်ခံခဲ့ ရပါတယ်။

Photo Credit: BBC

ဒါ့ကြောင့်ပဲ အိုဒီဂတ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အဓိက ကွင်းလယ်လူ ဖြစ်လာလိမ့်မယ် လို့ ထင်ကြေးပေး ခံရမှုတွေ ရှိခဲ့ပေမယ့် တကယ်တမ်း မှာတော့ လူငယ် ကစားသမားတွေ ကို နေရာပေးဖို့ တွန့်ဆုတ်လေ့ ရှိတဲ့ ရီးရဲလ်မက်ဒရစ် နည်းပြ ဇီဒန်းရဲ့ လက်အောက်မှာ အိုဒီဂတ်ဟာ ယခုနှစ် ဘောလုံးရာသီ ပြိုင်ပွဲစုံမှာ ၃၆၇မိနစ်သာ ကစားထားရပါတယ်။ အိုဒီဂတ်လို အရည်အသွေးမြင့် လူငယ် ကစားသမား တစ်ဦးအတွက် အဆိုပါ ပွဲကစားချိန် ပမာဏဟာ လက်ခံနိုင်လောက်တဲ့ အနေအထား မှာ မရှိတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ အိုဒီဂတ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းထံ ယခု ဇန်နဝါရီလ အပြောင်းအရွှေ့ အတွင်းမှာ အသင်းကနေ ရာသီဝက် အငှားနဲ့ ထွက်ခွာခွင့် ပေးဖို့ ပြောဆိုခဲ့ပြီး ရီးရဲလ် မက်ဒရစ် အသင်းကလည်း အိုဒီဂတ်ရဲ့ တောင်းဆိုမှုကို လက်ခံခဲ့ပါတယ်။

Photo Credit: BBC

နာမည်ကြီး ဥရောပ သတင်းဌာနတွေ အားလုံးရဲ့ တညီတညွတ်ထဲ ဖော်ပြမှုတွေ အရ လက်ရှိမှာ အိုဒီဂတ် ကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် နာမည်ကြီးအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်း ၊ နယ်သာလန် ထိပ်သီးကလပ် အေဂျက်အသင်း ၊ အိုဒီဂတ်ရဲ့ အသင်းဟောင်း တစ်သင်း ဖြစ်တဲ့ ဆိုစီဒက်အသင်းတို့က ကြိုးစားနေကြောင်း သိရပါတယ်။ ဒါပေမယ့် နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ BBC သတင်းဌာန ကတော့ အိုဒီဂတ်ဟာ သူ ပြောင်းရွှေ့မယ့် အသင်းကို ရွေးချယ်ရာမှာ မိသားစုနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပြီး အာဆင်နယ်အသင်းနဲ့ အေဂျက်အသင်းတို့ထက် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ သူ့အနေနဲ့ တစ်ရာသီ အငှားနဲ့ သွားရောက် ကစားခဲ့တဲ့ ဆိုစီဒက်အသင်းကိုသာ ရွေးချယ်ဖို့ အလေးသာနေကြောင်းနဲ့ မကြာခင်မှာပဲ အိုဒီဂတ်ဟာ သူ့ရဲ့ ဆုံးဖြတ်ချက်ကို အတိအလင်း ကြေညာတော့မှာ ဖြစ်ကြောင်း အခိုင်အမာ ဖော်ပြ သွားခဲ့ပါတယ်။