ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီကတော့ သူတို့ရဲ့ ခံစစ်ကြောင်းကို အင်အားဖြည့်တင်းမှု တရပ် အနေနဲ့ အီတလီ စီးရီးအေ ထိပ်သီးကလပ် အင်တာမီလန်ရဲ့ အဓိက ခံစစ်မှူး ရှကရီညာကို ခေါ်ယူဖို့ ကြိုးပမ်းတော့မယ်လို့ ဥရောပ အခြေစိုက် သတင်းဌာန အများစုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

မိုနာကို အားကစားဒါရိုက်တာဟောင်း လူးဝစ် အိုကွန်ပေါ့တ်ကို အားကစားဒါရိုက်တာသစ် အဖြစ် ခန့်အပ်ခဲ့ပြီးနောက် ပီအက်စ်ဂျီက အိုကွန်ပေါ့တ်ရဲ့ ဦးဆောင်မှုနဲ့အတူ ကစားသမားသစ်တွေကို ခေါ်ယူဖို့ ပြင်ဆင်နေပြီး ခံစစ်ကြောင်းကို အင်အားဖြည့်တင်းဖို့က သူတို့ရဲ့ ဦးစားပေး ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Standard

ပီအက်စ်ဂျီက လက်ရှိအချိန်မှာ တောင့်တင်းတဲ့ လူစာရင်းကို ပိုင်ဆိုင်ထားပေမယ့် ဗဟိုခံစစ်ပိုင်းမှာတော့ မာကွင်ဟို ၊ ကင်ပမ်ဘီနဲ့ ဒီရယ်လိုတို့ သုံးဦးကိုသာ အဓိကထား အသုံးပြုနေရပြီး အားကိုးတကြီးနဲ့ ခေါ်ယူထားတဲ့ ဆာဂျီယို ရာမို့စ်ကလည်း ဒဏ်ရာပြဿနာတွေနဲ့သာ ကြုံတွေ့နေရတာကြောင့် အိုကွန်ပေါ့တ်က ဗဟိုခံစစ်မှူးသစ် တဦးကို ခေါ်ယူဖို့ ပြင်ဆင်နေတာပါ။

အသက် ၂၇နှစ် အရွယ် ဆလိုဗက်ကီးယား ခံစစ်မှူး ရှကရီညာဟာ လက်ရှိ အီတလီ စီးရီးအေရဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူး ၁၀ဦး စာရင်းဝင် ထိပ်တန်း ခံစစ်မှူး တဦး ဖြစ်ပြီး ဥရောပ အသင်းကြီး အများစုက သူ့ကို ခေါ်ယူဖို့ မျက်စိကျခဲ့ဖူးပါတယ်။

Photo Credit: Standard

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီက ရှကရီညာကို သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး အင်တာမီလန်ကသာ ရှကရီညာ အတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တရပ် မတောင်းဆိုခဲ့ရင် ရှကရီညာကို ခေါ်ယူဖို့ အမှန်တကယ် ကြိုးပမ်းလာဖို့ ရှိနေကြောင်း သိရပါတယ်။

ရှကရီညာက အင်တာမီလန်နဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် အင်တာမီလန်ဘက်က ရှကရီညာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင်သာ တောင်းဆိုဖွယ် ရှိနေပြီး ရှကရီညာကတော့ သူ့ကို ပုံမှန် ပွဲထွက်ခွင့် တနေရာ ပေးပါ့မယ် ဆိုတဲ့ ကတိကို ရရင် ပီအက်စ်ဂျီဆီ ပြောင်းရွှေ့ဖို့ စဉ်းစားနိုင်ကြောင်း အီတလီ အခြေစိုက် သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။