စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်ရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ အော့ဘလက်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လေဗာကူဆင်နဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ သရေရလဒ်သာ ရအောင် ကစားနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရတာကြောင့် ပွဲအပြီးမှာပဲ အသင်းရဲ့ ပရိသတ်တွေကို တောင်းပန်စကား ပြောကြားသွားခဲ့ပါတယ်။

အက်သလက်တီကို မက်ဒရစ်က ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ဘရုဂေး ၊ ပေါ်တို ၊ လေဗာကူဆင်တို့နဲ့ တအုပ်စုထဲ ကျရောက်ခဲ့ရာ အုပ်စုတွင်း ပြိုင်ဘက်တွေက အလယ်အလတ် အသင်းတွေသာ ဖြစ်တာကြောင့် အလွယ်တကူပဲ ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် တကယ်တမ်းမှာတော့ အုပ်စုပွဲစဉ်(၅) အပြီးမှာ ၁ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Marca

အက်သလက်တီကို မက်ဒရစ်က အုပ်စုပွဲ ၅ပွဲ ကစားပြီးချိန်မှာ ၁ပွဲနိုင် ၊ ၂ပွဲသရေ ၊ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကိုပဲ ရရှိခဲ့တာကြောင့် ပွဲစဉ်(၅) အပြီးမှာပဲ အုပ်စု ပထမနေရာမှာ ရှိနေတဲ့ ဘရုဂေးနဲ့ ရမှတ် ၅မှတ် ၊ အုပ်စု ဒုတိယနေရာမှာ ရှိနေတဲ့ ပေါ်တိုနဲ့ ရမှတ် ၄မှတ် အထိ ကွာဟသွားခဲ့ပြီး အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရပါတယ်။

ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အက်သလက်တီကို မက်ဒရစ် ၂-၂ လေဗာကူဆင် ပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ်က ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ရေး မျှော်လင့်ချက်နဲ့အတူ လေဗာကူဆင်ကို ပွဲစပွဲဆုံး ဖိအားပေး ကစားခဲ့ပေမယ့် ခံစစ်ကြောင်း အမှားတွေ ကနေ တဆင့် ပေးဂိုးတွေ အလွယ်တကူ ခွင့်ပြုပေးခဲ့ရတာကြောင့် နိုင်ပွဲ ရဖို့ ခက်ခဲခဲ့သလို နောက်ဆုံးမိနစ်မှာ ပင်နယ်တီ ကန်သွင်းခွင့် ရခဲ့ပေမယ့် ကာရက်စ်ကိုရဲ့ ပင်နယ်တီ ကန်သွင်းချက်ကို လေဗာကူဆင် ဂိုးသမား ဟာရာဒက်ကီက ကာကွယ်သွားနိုင်ခဲ့ပါတယ်။

Photo Credit: Marca

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ အက်သလက်တီကို မက်ဒရစ်ရဲ့ ဂိုးသမား ဖြစ်သူ အော့ဘလက်က ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ အစောကြီး ထွက်ခွာခဲ့ရတဲ့ အတွက် ပရိသတ်တွေကို တောင်းပန်သွားခဲ့ပြီး အခုလိုမျိုး ရလဒ်ဆိုးတွေ ထွက်ပေါ်နေတာဟာ တသင်းလုံးနဲ့ သက်ဆိုင်ကြောင်း ပြောကြားသွားပါတယ်။

အော့ဘလက်က – “ကျွန်တော်တို့တွေ အုပ်စုအဆင့်မှာတင် ပြိုင်ပွဲကနေ ထွက်ခဲ့ရလို့ အရမ်းကို နာကျင်ရပါတယ်။ ဒါပေမယ့် ဒါက ဘောလုံးလောကပါ။ ကျွန်တော်တို့က အနိုင်ရဖို့ အတွက် အရာအားလုံး ပေးဆပ်ပြီး ကစားခဲ့ကြပါတယ်။ ဒါပေမယ့် ရှေ့ပွဲတွေမှာ ရခဲ့တဲ့ ဆိုးရွားတဲ့ ရလဒ်တွေကြောင့် ကျွန်တော်တို့တွေ ပြန်ပြီး အပြစ်ပေးခံခဲ့ရပါတယ်။ ဒီနေ့ပွဲမှာ ကျွန်တော်တို့က ကံတရားရဲ့ အကူအညီကို မရခဲ့ဘူးလို့လည်း ပြောရမယ် ထင်ပါတယ်။ ကျွန်တော်တို့ကို အားပေးခဲ့တဲ့ ပရိသတ်တွေကို ရင်ထဲ အသည်းထဲကနေ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ သူတို့တွေက ဒီထက် ပိုကောင်းတဲ့ ရလဒ်တွေနဲ့ ထိုက်တန်တာပါ။ ကျွန်တော်တို့ အားလုံးက ပရိသတ်တွေကို တောင်းပန်ချင်ပါတယ်။ အခုလိုမျိုး ပြိုင်ပွဲကနေ အစောကြီး ထွက်ခဲ့ရတာဟာ တသင်းလုံးရဲ့ အပြစ်တွေပါ” လို့ ပြောကာ ပရိသတ်တွေကို တောင်းပန်သွားခဲ့တာပါ။