စပိန်လာလီဂါရဲ့ နာမည်ကြီးအသင်းဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ အဓိက ဂိုးသမားတစ်ဦး ဖြစ်သူ ဂျန်အော့ဘလက် ကတော့ ယနေ့မနက်မှာ ကစားခဲ့တဲ့ အိုဆာဆူနာအသင်းနဲ့ အက်သလက်တီကို မက်ဒရစ် အသင်းတို့ရဲ့ ပွဲစဉ်မှာ ပွဲထွက် ကစားခွင့် ရပြီးတဲ့ နောက်မှာတော့ ဂုဏ်ယူစရာကောင်းတဲ့ စံချိန် တစ်ခုနဲ့အတူ သူဟာ လာလီဂါရဲ့ အကောင်းဆုံး ဂိုးသမား တစ်ဦး ဖြစ်ကြောင်း သက်သေ ပြသွားခဲ့ပါတယ်။ အက်သလက်တီကို မက်ဒရစ် အသင်းဟာ အိုဆာဆူနာအသင်းကို အဝေးကွင်း မှာ သွားရောက် ရင်ဆိုင် ကစားခဲ့ရပေမယ့် ကောင်းမွန်တဲ့ ခြေစွမ်းကောင်းတွေနဲ့အတူ ငါးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

Photo Credit: Marca

အိုဆာဆူနာအသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ပေမယ့် လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ လိုအပ်နေတဲ့ အက်သလက်တီကို မက်ဒရစ်အသင်းဟာ ခြေကုန်ထုတ် ကစားသွားခဲ့ပြီး လိုအပ်နေတဲ့ သွင်းဂိုးတွေကိုတော့ ဂျာအိုဖီးလစ်က နှစ်ဂိုး ၊ မိုရာတာက တစ်ဂိုး ၊ လော်ရန်တေးက တစ်ဂိုးနဲ့ ကာရက်စကိုက တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့ကြပါတယ်။ အဆိုပါပွဲစဉ် ပေးဂိုးမရှိခဲ့တဲ့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ ဂိုးသမား ဖြစ်သူ ဂျန်အော့ဘလက် ကတော့ စပိန် လာလီဂါပြိုင်ပွဲသမိုင်းမှာ ဂိုးမပေးရတဲ့ ပွဲ၁၀၀ ကို အမြန်ဆုံး ပြည့်ခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရကာ အဆိုပါ မှတ်တမ်းကပဲ အော့ဘလက်ဟာ လာလီဂါရဲ့ အကောင်းဆုံး ဂိုးသမားတွေထဲက တစ်ဦး ဖြစ်ကြောင်း ပြသနေခဲ့ပါတယ်။

Photo Credit: Marca

အသက်၂၇နှစ်အရွယ် ဆလိုဗေးနီးယား ဂိုးသမား အော့ဘလက်ဟာ ၂၀၁၄ခုနှစ်မှာ ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းကနေ အက်သလက် တီကို မက်ဒရစ်အသင်းထံကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး အသင်းထံ ရောက်ရှိလာအပြီးမှာ လာလီဂါပွဲစဉ် ၁၈၂ပွဲအထိ ပါဝင် ကစားခဲ့ရပါတယ်။ အဆိုပါ ၁၈၂ပွဲမြောက် ဖြစ်တဲ့ အိုဆာဆူနာအသင်းနဲ့ ပွဲစဉ်မှာပဲ အော့ဘလက်ဟာ သူ့ရဲ့ ပေးဂိုးမရှိတဲ့ ပွဲ၁၀၀မြောက်ကို ရရှိခဲ့ပြီး လာလီဂါပြိုင်ပွဲရဲ့ မှတ်တမ်းကောင်း တစ်ခုကို ရရှိခဲ့ပါတယ်။ အော့ဘလက်ရဲ့ ရှေ့မှာတော့ ဘာစီလိုနာအသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်း တို့ရဲ့ ဂိုးသမားဟောင်းကြီး မီဂွယ် ရေနာက အဆိုပါစံချိန်ကို ရရှိခဲ့တာ ဖြစ်ပြီး ရေနာဟာ ၂၂၂ပွဲ ကစားပြီးချိန်မှာမှ ပေးဂိုးမရှိတဲ့ ပွဲ၁၀၀ ကို ရရှိခဲ့တာကြောင့် အော့ဘလက်ဟာ ရေနာ ထက် ပွဲ၄၀တိတိ လျော့နည်းမှုနဲ့ စံချိန်မှတ်တမ်း ဝင်ခဲ့တာလည်း ဖြစ်ပါတယ်။