ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးအသင်းရဲ့ နည်းပြဖြစ်သူ နူနို ဆန်းတို့စ် ကတော့ ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၆) အဖြစ် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင် ကစားခဲ့ရာမှာ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာဟာ ကစားသမား တချို့ရဲ့ သစ္စာဖောက်မှုကြောင့် ဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ရဲ့ မြောက်လန်ဒန်ဒါဘီပွဲဟာ အမြဲလိုလို ပြိုင်ဆိုင်မှု ပြင်းထန်ကာ အကြိတ်အနယ် ဖြစ်လေ့ ရှိတာကြောင့် အာဆင်နယ်အသင်းရဲ့ အမ်းမရိတ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်ကလည်း ကြည့်ကောင်းမယ့် ပွဲစဉ်တပွဲ ဖြစ်လာလိမ့်မယ်လို့ မျှော်မှန်းခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ အိမ်ရှင် အာဆင်နယ်အသင်းကသာ ပွဲစပွဲဆုံး ပိုမို ကောင်းမွန်တဲ့ အသင်း ဖြစ်ခဲ့ပြီး စပါးအသင်းရဲ့ ခြေစွမ်းက အတော်လေးကို နိမ့်ကျခဲ့ပါတယ်။

 

 

Photo Credit: 90 Min

အာဆင်နယ်အသင်းဟာ ပထမပိုင်း ပွဲကစားချိန် အတွင်းမှာပဲ စမစ်ရိုဝီ ၊ အူဘာမီယန်း ၊ ဆာကာတို့ရဲ့ သွင်းဂိုးတွေနဲ့ စပါးအသင်းဘက်ကို ၃ဂိုးပြတ် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပြီး စပါးအသင်း အတွက် အရှက်ပြေ သိက္ခာဆယ် ချေပဂိုးကိုတော့ ပွဲကစားချိန် ၇၉မိနစ် ရောက်မှ အဓိက တိုက်စစ်မှူး ဆွန်ဟောင်မင်က သွင်းယူပေးခဲ့တာပါ။

အဆိုပါပွဲစဉ်ဟာ စပါးအသင်းရဲ့ ပရီးမီးယားလိဂ် ၃ပွဲဆက် ရှုံးပွဲ ဖြစ်ခဲ့ပြီး အဆိုပါ ၃ပွဲမှာ သွင်းဂိုး ၁ဂိုးသာ ရရှိခဲ့ကာ ပေးဂိုး ၉ဂိုး အထိ ခွင့်ပြုပေးခဲ့ရတာကြောင့် စပါးအသင်းရဲ့ ပရိသတ် တချို့ဟာ နူနို ဆန်းတို့စ်ကို ရာထူးကနေ နုတ်ထွက်ဖို့ တောင်းဆိုမှုတွေ ပြုလုပ်လာကြပါတယ်။

Photo Credit: 90 Min

နူနို ဆန်းတို့စ်ကတော့ သူဟာ အာဆင်နယ်အသင်းနဲ့ ပွဲစဉ်မှာ အကောင်းဆုံး ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ပေမယ့် အသင်းရဲ့ ကစားသမား တချို့ဟာ သူ့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာ ဆောင်ရွက်ခြင်း မရှိပဲ သူ့ကို သစ္စာဖောက်ခဲ့တာကြောင့် ယခုလို ဂိုးပြတ် အရေးနိမ့်ခဲ့ရတာ ဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

နူနို ဆန်းတို့စ်က – “ ကျွန်တော် အရိုးသားဆုံးပဲ ပြောပါမယ်။ ဘယ်ကစားသမားတွေလဲ ဆိုတာ နာမည်တပ် မပြောချင်ပေမယ့် ကွင်းထဲမှာ ရှိနေခဲ့တဲ့ ကစားသမား တချို့ကြောင့် ကျွန်တော်တို့ စီစဉ်ထားတဲ့ အစီအမံတွေ မဖြစ်မြောက်ခဲ့ပဲ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာပါ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။