မကြာသေးခင်ကမှ အသင်းရဲ့နည်းပြသစ်အဖြစ် နူနိုဆန်တိုကို ခန့်အပ်ထားနိုင်ခဲ့တဲ့ စပါးအသင်းဟာ အခုနှစ် နွေစျေးကွက်အတွင်း ပထမဦးဆုံး ကစားသမားသစ် ခေါ်ယူမှုအဖြစ် လတ်တလောမှာ အနာဂတ်အခြေအနေတွေ မရေမရာ ဖြစ်လို့နေရတဲ့ ဘာစီလိုနာကွင်းလယ်ကစားသမားဖြစ်သူ ပီယာနစ်ကို ခေါ်ယူသွားဖို့အတွက် အနီးစပ်ဆုံး အခြေအနေတစ်ခုကို ရောက်ရှိနေပြီလို့ သိရှိရပါတယ်။

Photo Credit : Sempreinter

အသက်(၃၁)နှစ်အရွှယ်ရှိ ဘော့စနီးယားလက်ရွေးစင် ကွင်းလယ်ကစားသမား ပီယာနစ်ဟာ ပြီးခဲ့တဲ့နှစ်ကမှ ဂျုဗင်တပ်စ်အသင်းကနေ ဘာစီလိုနာဆီကို ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် အသင်းမှာ နေရာတစ်နေရာရဖို့ ရုန်းကန်နေခဲ့ရသလို အသင်းနည်းပြ ရော်နယ်ကိုးမန်းရဲ့ အနာဂတ်စီမံကိန်းအတွင်းမှာပါ ပါဝင်ဖွယ် မရှိနေတာကြောင့် အသင်းနဲ့ တစ်ရာသီအကြာ ဖြတ်သန်းလို့အပြီးမှာပဲ အသင်းကနေ ပြန်လည်ထွက်ခွာရဖို့ နီးစပ်လာခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာကလည်း ဘာစီလိုနာအသင်းက အသင်းအတွင်း ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရသလို အသင်းရဲ့ အခရာအကျဆုံး ကစားသမား လီယွန်နယ်မက်ဆီကို စာချုပ်သစ်ချုပ်ဆိုဖို့လည်း ရှိနေတာကြောင့် ပီယာနစ်လို လစာမြင့်မားတဲ့ ကစားသမားတွေနဲ့ လက်တွဲဖြုတ်လာနိုင်ခြေ ရှိနေပါတယ်။

Photo Credit : The Sun

လတ်တလောမှာ ထွက်ပေါ်နေတဲ့ သတင်းတွေအရဆိုရင် ဘာစီလိုနာအသင်းဟာ ပီယာနစ် အမ်တီတီတို့လို အသင်းနဲ့ စာချုပ်သက်တမ်းကိုယ်စီ ကျန်ရှိနေသေးတဲ့ လစာမြင့် ကစားသမားတွေကို စာချုပ်ဖျက်သိမ်းပြီး အသင်းကနေ အလွတ်ပြောင်းရွေ့ကြေးနဲ့ပါ ထွက်ခွာသွားစေဖို့အထိပါ စီစဉ်နေတယ်လို့ သိရှိရပါတယ်။ ဒီလို အခြေအနေရှိနေတဲ့ ပီယာနစ်ကို ဥရောပ ကလပ်အသင်းများစွာကနေ စောင့်ကြည့်လာခဲ့ပြီး ပရီးမီးယားလိဂ်ကလပ် စပါးအသင်းကလည်း အသင်းဆီ အရခေါ်ယူသွားဖို့ ကြိုးပမ်းမှုတွေ စတင်လုပ်ဆောင်လာခဲ့ပါတယ်။ စပါးအသင်းရဲ့ ဘောလုံးဒါရိုက်တာသစ်တစ်ဦးဖြစ်သူ ပါရာတီခီက သူနဲ့အတူ ဂျုဗင်တပ်စ်အသင်းမှာ အလုပ်တွဲဖက် လုပ်ကိုင်ခဲ့ဖူးတဲ့ ပီယာနစ်ကို စပါးအသင်းဆီ ရောက်ရှိလာအောင် အဓိကကြိုးပမ်းနေတာဖြစ်ပြီး ဘာစီလိုနာအသင်းဘက်ကလည်း သူတို့ကစားသမားကို လက်လွတ်သွားဖို့ သေချာသလောက် ဖြစ်နေတာမို့ ပီယာနစ်က ဒီနှစ်နွေစျေးကွက်အတွင်း စပါးအသင်းရဲ့ ကစားသမားသစ် ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။ ဒါပေမယ့် စပါးအသင်းဟာ ကစားသမားသစ် ခေါ်ယူဖို့ထက် အသင်းရဲ့ အဓိက ကစားသမားဖြစ်တဲ့ တိုက်စစ်မှူးဟာရီကိန်းကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ရေးကိုသာ ဦးစားပေး လုပ်ဆောင်လျက် ရှိနေပါတယ်။