မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားဒလိဂ် ပွဲစဉ်(၅) Super Sunday ရဲ့ အကောင်းဆုံးပွဲစဉ်ဖြစ်တဲ့ စပါးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ အိမ်ရှင်စပါးက မြို့ခံပြိုင်ဘက် ချယ်လ်ဆီးကို ဒုတိယပိုင်းအတွင်း ခွင့်ပြုလိုက်ရတဲ့ သွင်းဂိုးတွေနဲ့ ဂိုးပြတ်အရေးနိမ့်ခဲ့ရသလို စပါးအသင်းဟာလည်း ပြိုင်ပွဲစုံ(၃)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့သလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း (၂)ပွဲဆက်တိုက် (၃)ဂိုးပြတ်တွေနဲ့ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ရပါတယ်။

Photo Credit : Daily Advent

စပါးအသင်းဟာ ချယ်လ်ဆီးအသင်းနဲ့ ပွဲကျပ်ပွဲစဉ် ယှဉ်ပြိုင်ခဲ့စဉ်အတွင်း ပထမပိုင်း ပွဲချိန်မှာ ကစားပုံ မဆိုးခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာတော့ ချယ်လ်ဆီးအသင်းက ပွဲကို အကောင်းဆုံး ထိန်းချုပ်သွားနိုင်ခဲ့သလို ချယ်လ်ဆီးအသင်းရဲ့ သွင်းဂိုးတွေကိုလည်း ခွင့်ပြုခဲ့ရပြီး (၃)ဂိုးပြတ်နဲ့ကို အရေးနိမ့်ခဲ့ရပါတယ်။ စပါးအသင်းဟာ ဒီပွဲမတိုင်ခင် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း အလားတူ ရလဒ်မျိုးနဲ့ကို အရေးနိမ့်ခဲ့ရတာဖြစ်ပြီး ကြားရက်မှာ ကစားခဲ့ရတဲ့ ရန်းစ်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာပါ တစ်ဖက်ကို (၂)ဂိုးစီနဲ့ သရေကျခဲ့ရပါသေးတယ်။

Photo Credit : Stadium Astro

ဒုတိယပိုင်းအတွင်း ခွင့်ပြုလိုက်ရတဲ့ သွင်းဂိုးတွေနဲ့ အရေးနိမ့်ခဲ့ရတဲ့ လန်ဒန်ဒါဘီပွဲစဉ်နဲ့ပတ်သက်ပြီး စပါးနည်းပြ နူနိုဆန်တိုက “ကျွန်တော်တို့တွေ ကိစ္စများစွာမှာ မှားယွင်းခဲ့ရတယ်။ ပထမပိုင်း ပွဲကစားချိန်နဲ့ စပြီးပြောရမယ်ဆိုရင် အဲ့ဒီ(၄၅)မိနစ်က ကျွန်တော်တို့အတွက် တကယ့်ကို ကောင်းမွန်တဲ့ ပွဲစဉ်တစ်ပွဲလို့ ထင်မိပါတယ်။ တိုက်စစ်ကိုလည်း ပိုမိုလိုက်ပါ ကစားနိုင်တယ်။ ဖိအားတွေလည်း ပေးနိုင်ခဲ့တယ်။ ပြိုင်ဘက်အသင်းအတွက် ပြသာနာတွေရော ကိုယ့်အတွက် အခွင့်အရေးတွေကိုလည်း ဖန်တီးနိုင်ခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ပြစ်ဒဏ်ဘောတွေ သွင်းဂိုးတွေက ပွဲကို အတော်လေး ပြောင်းလဲစေခဲ့ရတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ပွဲကို အပြောင်းအလဲ လုပ်ဖို့က အလွန်ခက်ခဲသွားခဲ့ရတယ်။ ချယ်လ်ဆီးကလည်း ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပြီး ဒုတိယပိုင်း ပွဲချိန်မှာ သူတို့က ပိုကောင်းမွန်တဲ့ အသင်းဖြစ်သွားရတယ်။ ဒီပွဲက အရမ်းခက်ခဲခဲ့တယ်။ ဒါပေမယ့် ပထမပိုင်း ပွဲကစားချိန်အတွင်းမှာ ပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်တွေနဲ့ တစ်ပွဲလုံး ကြိုးစားကစားခဲ့တာတွေအတွက်ကိုတော့ ကျွန်တော် ဂုဏ်ယူမိတယ်။ ကစားသမားတွေက ပွဲပန်းမှုဒဏ်ကို ခံနေရတယ်ဆိုပေမယ့် အတော်လေးကို ကြိုးစားကစားပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့်အနေနဲ့ တိုးတတ်မှုတွေ ရှိလာအောင် အများကြီးလုပ်ဖို့ ကျန်နေပါသေးတယ်။ တိုးတတ်လာအောင်လည်း ကြိုးစားရမှာ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။