MySport Myanmar

ဆုဖလားတွေ အများကြီး ရယူဖို့ လီဗာပူးဆီ ပြောင်းလာတာလို့ ကြွေးကြော်ခဲ့တဲ့ နူနက်ဇ်

KIRKBY, ENGLAND - JUNE 14: (THE SUN OUT, THE SUN ON SUNDAY OUT) Darwin Nunez signs for Liverpool FC at AXA Training Centre on June 14, 2022 in Kirkby, England. (Photo by Nick Taylor/Liverpool FC/Liverpool FC via Getty Images)

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ တိုက်စစ်မှူးသစ် ဒါဝင် နူနက်ဇ်ကတော့ သူဟာ ဆုဖလားတွေ အများကြီးကို ရယူချင်တာကြောင့် လီဗာပူးဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာပါလို့ သူ့ရဲ့ လီဗာပူး ကစားသမားဘဝ ပထမဦးဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ကြွေးကြော်သွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် ကြယ်ပွင့်တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ရာသီစလုံးမှာ ပေါ်တူဂီ ထိပ်သီးကလပ် ဘင်ဖီကာနဲ့အတူ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့တာကြောင့် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ လီဗာပူးရဲ့ တော်ကောက်မှုကို ခံခဲ့ရတဲ့ ထိပ်တန်း တိုက်စစ်မှူး တဦးပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

လီဗာပူးက ဒါဝင် နူနက်ဇ်ကို အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ဖြစ်တဲ့ ယူရို ၁၀၀သန်း ပေးချေကာ ၆နှစ် သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ်နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး နူနက်ဇ်က လီဗာပူးမှာ ကျောနံပါတ် ၂၇ကို ဝတ်ဆင် ကစားသွားမယ်လို့ သိထားရပါတယ်။

ဒါဝင် နူနက်ဇ်ကတော့ ယခုနှစ် နွေအပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ နယူးကာဆယ်တို့ရဲ့ ကမ်းလှမ်းမှုတွေကို ရခဲ့သေးပေမယ့် အောင်မြင်မှု ရဖို့ ပိုမို နီးစပ်တဲ့ လီဗာပူးဆီသာ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက် ချခဲ့ပြီး သူဟာ လီဗာပူးထံ ဆုဖလားတွေ အများကြီး ယူဖို့ ပြောင်းလာတာလို့လည်း ဆိုပါတယ်။

Photo Credit: Sky Sports

နူနက်ဇ်က – “ကျွန်တော် လီဗာပူးဆီ ပြောင်းရွှေ့လာရတဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ ဆုဖလားတွေ အများကြီး ရယူဖို့ ဆိုတဲ့ ရည်မှန်းချက်လည်း ပါဝင်ပါတယ်။ ကျွန်တော်က လီဗာပူးနဲ့အတူ ဆုဖလားတွေ အများကြီး ရယူချင်ပါတယ်။ ပြီးတော့ ကျွန်တော်က အသင်းကို ကူညီနိုင်ဖို့ တတ်စွမ်းသလောက် လုပ်ဆောင်နိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။

လီဗာပူးကတော့ နူနက်ဇ်ကို ခေါ်ယူနိုင်ခဲ့ အပြီးမှာ အသင်းရဲ့ ညာနောက်ခံနေရာ အတွက် အဘားဒင်းရဲ့ လူငယ်ကြယ်ပွင့် ညာနောက်ခံလူ ရမ်ဆေးကို ခေါ်ယူဖို့ ဆက်လက် ကြိုးပမ်းနေပါတယ်။

Exit mobile version