MySport Myanmar

၈၂မိနစ်ပဲ ကစားထားရပေမယ့် ၂ဂိုးသွင်း ၊ ၂ဂိုး ဖန်တီးပေးထားနိုင်တဲ့ ထူးရှယ် နူနက်ဇ်

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးက ယခု နွေဈေးကွက် အတွင်းမှာ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ခေါ်ယူထားတဲ့ ဥရုဂွေးကြယ်ပွင့် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ကတော့ အသင်းအတွက် တရားဝင်ပွဲ ၂ပွဲ ပါဝင် ကစားပေးထားရာမှာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ် ၊ ပင်နယ်တီ ၁ကြိမ် ရယူပေးထားရင်း သူဟာ ကမ္ဘာ့အဆင့် တိုက်စစ်မှူး ဖြစ်ကြောင်း သက်သေပြသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ဥရုဂွေး ကြယ်ပွင့် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က လီဗာပူးထံ ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း ၊ ၆နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ်တို့နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လီဗာပူး ကစားသမား ဘဝ ပထမဦးဆုံး ပွဲအဖြစ် မန်ချက်စတာ စီးတီးနဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်မှာ ၃၁မိနစ် ဝင်ရောက် ကစားခဲ့ရာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့သလို ပင်နယ်တီ ၁ကြိမ် ရယူပေးရင်း အသင်းရဲ့ အောင်ပွဲအတွက် အရေးပါတဲ့ ကစားသမား တဦး ဖြစ်ခဲ့ပါတယ်။

Photo Credit: Team Talk

ယနေ့ည ၆နာရီမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဖူလ်ဟမ် ၂-၂ လီဗာပူး ပွဲစဉ်မှာလည်း နူနက်ဇ်က သူ့ရဲ့ ကစားသမား ဘဝ ပရီးမီးယားလိဂ် ပထမဦးဆုံးပွဲကို ပွဲကစားချိန် ၅၁မိနစ်မှာ ဝင်ရောက် ကစားခွင့် ရခဲ့ပြီး သူ ဝင်လာတာနဲ့ လီဗာပူးရဲ့ တိုက်စစ်လမ်းကြောင်းတွေ ပိုမို အသက်ဝင်လာတာကို မြင်တွေ့ခဲ့ရသလို သူဟာ ဆာလာနဲ့ တွဲဖက်ပြီး ဖူလ်ဟမ်ရဲ့ ခံစစ်ကြောင်းကို တရစပ် ဒုက္ခပေးနိုင်ခဲ့ပါတယ်။

နူနက်ဇ်က သူ့ရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ် သွင်းဂိုးကို လူစားဝင် ကစားပြီးနောက် ၁၃မိနစ် အကြာမှာပဲ နောက်ပေါက်လေးနဲ့ လှလှပပ သွင်းယူနိုင်ခဲ့သလို ပွဲကစားချိန် ၈၁မိနစ်မှာလည်း အသင်းဖော် ဆာလာအနေနဲ့ အသင်းအတွက် အရေးပါတဲ့ ဒုတိယ ချေပဂိုး သွင်းယူနိုင်အောင် ကူညီနိုင်ခဲ့ပါတယ်။

Photo Credit: Team Talk

ဒါကြောင့် နူနက်ဇ်ဟာ လီဗာပူးအတွက် ကစားပေးခွင့် ရခဲ့တဲ့ ပထမဦးဆုံး တရားဝင်ပွဲ ၂ပွဲစလုံးမှာ သူ့ရဲ့ ထူးရှယ်ခြေစွမ်းတွေကို ထုတ်ပြနိုင်ခဲ့တယ်လို့ သတ်မှတ်ရနိုင်ပြီး နူနက်ဇ်က ၂ပွဲပေါင်း ၈၂မိနစ်သာ ကစားခွင့် ရခဲ့ပေမယ့် သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂ကြိမ် (ပင်နယ်တီ ၁ကြိမ်) ပြုလုပ်နိုင်ခဲ့တာကြောင့် လီဗာပူးရဲ့ လူခေါ်ယူမှုဟာ မှန်ကန်သွားပြီလို့ သုံးသပ်ရမယ် ထင်ပါရဲ့ဗျာ…။

Exit mobile version