ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးနဲ့ လန်ဒန်မြို့ခံကလပ် ခရစ္စတယ် ပဲလေ့စ်တို့က ယနေ့မနက် အစောပိုင်းမှာ လီဗာပူးရဲ့ အိမ်ကွင်း အန်ဖီးလ်မှာ ယှဉ်ပြိုင် ကစားခဲ့ကြရာ တဖက် တဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ အိမ်ရှင် လီဗာပူးက အိမ်ရှင်အသင်းပီပီ ခရစ္စတယ် ပဲလေ့စ်ကို အနိုင်ယူနိုင်ဖို့ ပွဲစတကည်းက တင်ကစားလာခဲ့ပြီး ပဲလေ့စ်ကတော့ သူတို့အသင်းရဲ့ ထုံးစံအတိုင်း ဇာဟာရဲ့ တကိုယ်တော် ကျော်ဖြတ်မှုတွေကို အားကိုးကာ လီဗာပူးဆီကနေ ရမှတ် ၁မှတ် ခွဲယူဖို့ ကြိုးပမ်းလာခဲ့ပါတယ်။

Photo Credit: Mirror

လီဗာပူးက ခရစ္စတယ် ပဲလေ့စ်ဘက်ကို တရစပ် တိုက်စစ်ဆင် ကစားခဲ့ပေမယ့် ပွဲစဉ်ရဲ့ အဖွင့်ဂိုးကို ခရစ္စတယ် ပဲလေ့စ်ဘက်က စတင် ရရှိခဲ့ပြီး ပဲလေ့စ်ရဲ့ အဓိက တိုက်စစ် ကစားသမား ဇာဟာက ပွဲကစားချိန် ၃၂မိနစ်မှာ အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာပါ။

ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် လီဗာပူးဘက်က ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ရဖို့ တင်ကစားလာပေမယ့် ပထမပိုင်းမှာတော့ ၀-၁ ဆိုတဲ့ ရလဒ်နဲ့သာ ပြီးဆုံးသွားခဲ့ရပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန် အရောက်မှာ လီဗာပူးရဲ့ ကစားသမားတွေ အားလုံးက ချေပဂိုးကို အလျင်မြန်ဆုံး သွင်းယူနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းခဲ့ပေမယ့် ပွဲကစားချိန် ၅၇မိနစ် အရောက်မှာတော့ လီဗာပူးရဲ့ အဓိက တိုက်စစ်မှူး နူနက်ဇ်ဟာ ပြိုင်ဘက်ခံစစ်မှူး အန်ဒါဆန်ကို ခေါင်းနဲ့ တိုက်ခဲ့တာကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit: Mirror

အန်ဒါဆန်က နူနက်ဇ်ရဲ့ ဂိုးပေါက်ကန်ချက် လွဲချော်မှုအား လှောင်ပြောင်ခဲ့မှုကြောင့် နူနက်ဇ်ဟာ အန်ဒါဆန်ကို ခေါင်းနဲ့ တိုက်ခဲ့တာ ဖြစ်ပြီး အဲ့ဒီလုပ်ရပ်ရဲ့ အကျိုးဆက်ကြောင့်ပဲ အနီကတ် ပြခံခဲ့ရသလို လီဗာပူးကလည်း တယောက်လျော့ အနေအထားကြောင့် သရေ ၁မှတ် ရဖို့ကိုတောင် အသည်းအသန် ရုန်းကန်ခဲ့ရပါတယ်။ အဆိုပါပွဲစဉ်မှာ လီဗာပူးရဲ့ အဖိုးတန် ချေပဂိုးကို ပွဲကစားချိန် ၆၁မိနစ်မှာ တောင်ပံတိုက်စစ် ကစားသမား လူးဝစ် ဒီယက်ဇ်က သူ့ရဲ့ ထုံးစံအတိုင်း ၁၈ကိုက်စည်း အပြင်ဘက်ကနေ အပြင်းကန်ချက်နဲ့အတူ သွင်းယူပေးသွားခဲ့တာပါ။

အဆိုပါပွဲ ပြီးဆုံးချိန်မှာတော့ လီဗာပူးရဲ့ နည်းပြဖြစ်သူ ဂျာဂင် ကလော့ပ်က နူနက်ဇ်ရဲ့ အပြုအမူ အတွက် အနည်းငယ် စိတ်ပျက်နေခဲ့ပြီး နူနက်ဇ်ရဲ့ တုံ့ပြန်မှုဟာ မှားယွင်းခဲ့ကြောင်း ဆိုလာပါတယ်။ ကလော့ပ်က – “နူနက်ဇ်က အခုချိန်မှာ အမှားတခု လုပ်လိုက်မိပြီ ဆိုတာကို သိနေပါပြီ။ မကြာခင်မှာ ကျွန်တော်က သူနဲ့ စကားသွားပြောပါမယ်။ ကျွန်တော်က သူနဲ့ ဘာစကားတွေ ပြောမလဲ ဆိုတာကိုတော့ လူသိရှင်ကြား ထုတ်ပြောမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့ရဲ့ တုံ့ပြန်မှုက ကျွန်တော်တို့ မြင်ချင်ကြတဲ့ အပြုအမူမျိုး မဟုတ်တာတော့ သေချာပါတယ်။ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ခံစစ်မှူးတိုင်းက သူ့ကို ဒီလိုမျိုး ရန်စကြမှာပါပဲ။ သူက ဒါကို သည်းခံနိုင်ရပါမယ်” လို့ ပြောကြားသွားခဲ့တာပါ။