ယခုနှစ် ဘောလုံးရာသီ အစကမှ ပေါ်တူဂီ နာမည်ကြီးကလပ် ဘင်ဖီကာ ကနေ ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးဆီ ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းကျော်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ကတော့ သူဟာ ယခုနှစ် ဘောလုံးရာသီမှာ အသင်းနဲ့အတူ အံဝင်ဖို့ ရုန်းကန်နေရပေမယ့် လာမယ့် ဘောလုံးရာသီမှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို မြင်စေရမယ်လို့ ကတိပေးသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘင်ဖီကာနဲ့အတူ တောက်ပခဲ့တာကြောင့် လီဗာပူးရဲ့ အားကိုးတကြီး ခေါ်ယူမှုကို ခံခဲ့ရတာ ဖြစ်ပြီး လီဗာပူးက သူ့ကို ၂၀၂၈ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Goal

ဒါဝင် နူနက်ဇ်က ကစားပုံ အပြောင်းအလဲကြောင့် ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးတွေ မပြသနိုင်သေးပေမယ့် လီဗာပူးအတွက် ပြိုင်ပွဲစုံ ၂၅ပွဲမှာ သွင်းဂိုး ၁၀ဂိုး သွင်းယူပေးထားသလို ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ပေးထားနိုင်တာကြောင့် သူ့ရဲ့ ခြေစွမ်းပိုင်းဟာ လက်ခံလို့ ရတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။

ဒါပေမယ့် လီဗာပူး ပရိသတ် တချို့နဲ့ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက နူနက်ဇ်ရဲ့ ခြေစွမ်းကို သဘောမကျကြသေးပဲ နူနက်ဇ်ဟာ အသင်းကို ဆွဲတင်ပေးနိုင်တဲ့ တိုက်စစ်မှူးမျိုး မဟုတ်ဘူးလို့ ဝေဖန်နေကြပါတယ်။ နူနက်ဇ်ကတော့ အဆိုပါ ဝေဖန်မှုတွေကို ကြိုဆိုသွားခဲ့ပြီး သူဟာ ဒီရာသီမှာ မျှော်မှန်းထားသလောက် စွမ်းဆောင်ရည်ကောင်းတွေ မပြသနိုင်သေးကြောင်း ဝန်ခံခဲ့သလို လာမယ့်ရာသီမှာ သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းကို မြင်တွေ့စေရမယ်လို့လည်း ကတိပေးသွားခဲ့ပါတယ်။

Photo Credit: Goal

ဒါဝင် နူနက်ဇ်က – “ကျွန်တော့်ရဲ့ အခြေအနေက လူးဝစ်(ဆွာရက်ဇ်)ရဲ့ အခြေအနေနဲ့ တူတယ်လို့ ထင်ပါတယ်။ လူးဝစ်ကလည်း သူ့ရဲ့ လီဗာပူး ကစားသမား ဘဝ ဒုတိယမြောက် ရာသီကို ရောက်ချိန်မှ စတင် တောက်ပခဲ့တာပါ။ ကျွန်တော်က ဘင်ဖီကာမှာတုန်းကလည်း ဒီလိုမျိုး ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်တော့်ရဲ့ ဘင်ဖီကာ ကစားသမားဘဝ ပထမဦးဆုံးရာသီက အတော်လေး ဆိုးခဲ့တာပါ။ ဒါပေမယ့် ဒုတိယရာသီမှာတော့ ကျွန်တော်က အစွမ်းကုန် ပေါက်ကွဲပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်ကို ဆက်လက် စောင့်ကြည့်ပေးပါလို့ ပြောချင်ပါတယ်” ဆိုပြီး သူ့ရဲ့ ခြေစွမ်းကို ဝေဖန်သူတွေအား ပြန်လည် တုံ့ပြန်သွားခဲ့တာပါ။