လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ အလက်ဆစ် မက်အယ်လစ္စတာက သူရဲ့ အသင်းဖော် တိုက်စစ်ကစားသမား ဒါဝင် နူးညက်ဇ်ဟာ သူတို့အသင်းအတွက်တော့ အမြဲတမ်း အရေးအကြီးဆုံး ကစားသမားတစ်ဦးလို့ ချီးမွမ်း ပြောကြားလိုက်ပါတယ်။

မနေ့ညက နော်တင်ဟမ် ဖောရက်စ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ရာ ဧည့်သည် လီဗာပူးလ်က ပထမပိုင်း ပွဲချ်ိန်ထဲ ဂိုးပေါက်တည့် ကန်ချက်တောင် မရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာ တိုက်စစ်မှူး ဒါဝင် နူးညက်ဇ် ဝင်ကစားလာခဲ့ရင်း ပွဲပြီးခါနီးမှာပဲ နူးညက်ဇ်က အဖိုးတန် အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Liverpool FC

ပွဲက ဂိုးမရှိသရေနဲ့ အဆုံးသတ်လုနီးပါး ဖြစ်ခဲ့ပြီး အမှတ်ဆုံးရှုံးရဖို့ပါ နီးစပ်ခဲ့ပေမယ့်လည်း အခုလို နူးညက်ဇ်ရဲ့ အဖိုးတန်ဂိုးကြောင့် အမှတ်ပြည့် ပိုင်ဆိုင်ခဲ့ရသလို အာဆင်နယ် မန်စီးတီးတို့ရဲ့ ပွဲတွေမတိုင်ခင် အမှတ်ပေးဇယားထိပ်မှာ အမှတ်အပြတ်နဲ့ ဦးဆောင်ခဲ့ရပါတယ်။

ဒီလို အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးကို သွင်းယူပေးခဲ့သူ နူးညက်ဇ်နဲ့ ပတ်သက်ပြီး ဂိုးဖန်တီးခဲ့သူ အယ်လစ္စတာက “ဘောလုံး ကျွန်တော့်ခြေထောက်ထဲ ရောက်နေချိန်မှာ ပွဲရဲ့နောက်ဆုံးမိနစ်ထဲ ရောက်နေပြီ ဆိုတာကိုပါ ကျွန်တော် သိလိုက်တယ်။ နောက်ပြီး ကျွန်တော် ဘောလုံးကို ပင်နယ်တီ ဧရိယာထဲ ရောက်အောင် လှမ်းကန်တင်လိုက်တယ်။”

Photo Credit : The Empire of Kop

“အဲ့ဒီအချိန်မှာ ဒါဝင်က အဆုံးသတ်သွားခဲ့တယ်။ ဒါဝင်က အမြဲတမ်းလိုလို ကျွန်တော့်အတွက် အရေးအကြီးဆုံး ကစားသမားတစ်ယောက်ပါပဲ။ သူက ပါဝင်ကစားနိုင်ခြင်း မရှိရင်တောင်မှ ကျွန်တော်တို့ကို အမြဲအင်ပြည့်အားပြည့် အားပေးနေတက်တာ။ ဒါကြောင့် ကျွန်တော်တို့ အလွန်ပျော်ရွှင်ရတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး နူးညက်ဇ်ဟာ ဒီရာသီမှာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၈)ပွဲ ပါဝင်ကစားထားခဲ့ပြီး (၁၄)ဂိုးသွင်း (၁၁)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့သလို အသင်းအတွက်ကိုလည်း အကောင်ဆုံး စွမ်းဆောင်ရည်တွေ ပြသထားလျက် ရှိနေပါတယ်။