နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ကစားသမားသစ်တွေကို တစ်သင်းစာနီးပါးလောက် ခေါ်ယူအားဖြည့်ခဲ့တဲ့ ပရီးမီးယားလိဂ် တန်းတတ်အသင်း နော်တင်ဟမ်ဖောရက်စ်ရဲ့ အသင်းဥက္ကဌ မာရီနားကစ်က လာမယ့် ဆောင်းဈေးကွက်ထဲမှာလည်း ကစားသမားသစ် (၂)ဦးခန့်လောက် ထပ်မံ ခေါ်ယူသွားဦးမယ်လို့ ပြောကြားလာခဲ့ပါတယ်။

Photo Credit : Football365

နှစ်ပေါင်း(၂၃)နှစ်အကြာမှ ပရီးမီးယားလိဂ်ဆီကို ပြန်လည် တတ်လှမ်းလာနိုင်ခဲ့တဲ့ ဥရောပချန်ပီယံဟောင်း နော်တင်ဟမ်အသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပြန်ပြီး ယှဉ်ပြိုင်ရချိန်မှာပဲ လင်ဂတ် အာဝိုနီယီ ဒန်းနစ် ဖရူလာ ဂစ်ဘ်ဝှိုက် နီကိုဝီလီယံစ် ရီနန်လိုဒီ ဒင်းဟန်ဒါဆန် အစရှိတဲ့ ကစားသမား အများအပြားကို ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းက လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၈) တန်းဆင်းဇုန်နေရာကို ရောက်ရှိနေတာဖြစ်လို့ အသင်းကို ပရီးမီးယားလိဂ်မှာ ဆက်လက် ကျန်ရှိနေဖို့အတွက် အသင်းမှာ လိုအပ်နေသေးတဲ့ နေရာတွေကို ထပ်မံ ဖြည့်တင်းဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။

Image

Photo Credit : Twitter

ဒီအခြေအနေနဲ့ ပတ်သတ်ပြီး နော်တင်ဟမ်ဥက္ကဌ မာရီနားကစ်က “ကျွန်တော်တို့အနေနဲ့ ဇန်နဝါရီမှာ အနည်းဆုံး နောက်ထပ် ကစားသမား နှစ်ဦးကို ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမှာပါ။ ပိုက်ဆံသုံးဖို့အတွက် ကစားသမားတွေကိုပဲ ဝယ်ခဲ့တာမဟုတ်ဘူး။ သူတို့ကို တကယ်လိုအပ်လို့ ဝယ်ယူတာပါ” လို့ ရှင်းလင်း ပြောကြားသွားခဲ့ပါတယ်။ နော်တင်ဟမ်အသင်းဟာ နွေဈေးကွက်တုန်းက ရီနန်လိုဒီလို ကစားသမားမျိုးကိုပါ အသက်လက်တီကိုအသင်းကနေ ခေါ်ယူနိုင်ခဲ့တဲ့အထိ ဈေးကွက်ထဲမှာ ခပ်သွက်သွက် လှုပ်ရှားနိုင်တဲ့ အသင်းမျိုး ဖြစ်တာကြောင့် ဇန်နဝါရီလ ဆောင်းဈေးကွက်မှာလည်း ဘယ်ကစားသမားတွေ ထပ်မံ ခေါ်ယူသွားနိုင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဒါပေမယ့် အသင်းမှာက ကစားသမားသစ်တွေ ဖောင်းပွလွန်းနေပြီး ချက်ချင်းကြီးလည်း အထိုင်မကျနိုင်သေးတာကြောင့် (၁၅)ပွဲ ကစားထားပြီးချိန်မှာ နိုင်ပွဲ(၃)ပွဲသာ ရထားသေးသလို တိုက်စစ်ကလည်း (၁၁)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါကြောင့် နော်တင်ဟမ်တို့ လက်ရှိ အခြေအနေကနေ ဘယ်လိုပုံစံမျိုးနဲ့ ရုန်းထွက်ပြီး တန်းဆင်းဇုန်ကနေ လွတ်မြောက်အောင် လုပ်သွားနိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။