MySport Myanmar

အာဆင်နယ် ပစ်မှတ် ဒန်နီလိုကို ကမ်းလှမ်းတွေမှု ပြုလုပ်ထားခဲ့တဲ့ နော်တင်ဟမ်

၂၀၂၂ခုနှစ်ရဲ့ နွေဈေးကွက်အတွင်းမှာ ကစားသမားခေါ်ယူပေါင်း များစွာကို လုပ်ဆောင်ထားခဲ့တဲ့ ပရီးမီးယားလိဂ် တန်းတတ်အသင်း နော်တင်ဟမ်ဖောရက်စ်ဟာ အခုလည်း အာဆင်နယ်အသင်း ပစ်မှတ်ထားခဲ့ဖူးတဲ့ ဘရာဇီးလ် လူငယ်ကစားသမားလေး ဒန်နီလိုကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေး ပေါင်(၁၈)သန်းနဲ့ပါ ကမ်းလှမ်းထားခဲ့တယ်လို့ The Telegraph ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Twitter

နှစ်ပေါင်းများစွာအကြာမှ ပရီးမီးယားလိဂ်ကို ပြန်လည် တတ်လှမ်းခွင့် ရရှိခဲ့တဲ့ နော်တင်ဟမ်အသင်းဟာ နွေဈေးကွက်ထဲမှာပဲ ကစားသမားသစ် (၁၀)ဦးထက်မနည်း ခေါ်ယူထားခဲ့သလို အခု ဆောင်းဈေးကွက်ထဲမှာလည်း အသင်းအတွက် လိုအပ်မဲ့ ကစားသမားတွေကို ထပ်မံ ခေါ်ယူသွားဦးမှာ ဖြစ်တယ်လို့ အသင်းပိုင်ရှင်ဖြစ်သူက ပြောဆိုထားခဲ့ပါတယ်။ အခုလည်း နော်တင်ဟမ်ဟာ အာဆင်နယ်အသင်း အလိုရှိနေတဲ့ ဘရာဇီးလ် လူငယ် ကွင်းလယ်ကစားသမားလေး ဒန်နီလိုအိုလီဗီးရားကို ပေါင်(၁၈)သန်းနဲ့ပါ ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့တယ်လို့ သတင်းထွက်ပေါ်လာခဲ့ရပါတယ်။

Photo Credit : Goal

အသက်(၂၁)နှစ်အရွယ်ရှိ ကစားသမားလေး ဒန်နီလိုဟာ ကွင်းလယ်နေရာအစုံမှာ ကစားတတ်သူဖြစ်ပြီး သူရဲ့ အဓိကနေရာကတော့ ကွင်းလယ်ခံစစ်နေရာ ဖြစ်သလို လိုအပ်ရင်လည်း ကွင်းလယ်တိုက်စစ်အထိပါ လိုက်ပါ ကစားတတ်သူလည်း ဖြစ်ပါတယ်။ ဘရာဇီးလ်ကလပ် ပါးလ်မီးရပ်စ်အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ ဒန်နီလိုကို အာဆင်နယ် အပါအဝင် ဥရောပကလပ်အသင်း အများစုက စိတ်ဝင်စားနေကြပြီး လက်ရှိမှာတော့ သူ့ကို နော်တင်ဟမ်ကနေ ကမ်းလှမ်းမှုပါ ပြုလုပ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ပါးလ်မီးရပ်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၅၈)အထိပါ ပါဝင်ကစားထားနိုင်ခဲ့တဲ့ ဒန်နီလိုဟာ ပါးလ်မီးရပ်စ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာလည်း အသင်းအတွက် ပွဲချိန်ပြည့် ပါဝင်သွားခဲ့ပါသေးတယ်။ တောင်အမေရိက ဘောလုံးနယ်ပယ်ရဲ့ အမြင့်မားဆုံး ပြိုင်ပွဲကြီးတစ်ခုဖြစ်တဲ့ Copa Libertadores မှာ (၂)ကြိမ်ဆက်တိုက် ချန်ပီယံ ဖြစ်ထားခဲ့တဲ့ ဒန်နီလိုဟာ ပါးလ်မီးရပ်စ်အသင်းနဲ့ ၂၀၂၆ခုနှစ်အထိ စာချုပ်သက်တမ်းရှိသူ ဖြစ်သလို သူရဲ့တန်ကြေးကလည်း အနည်းဆုံး ယူရိုသန်း(၃၀)လောက် ရှိနေတာဖြစ်တဲ့အပြင် နော်တင်ဟမ်ရဲ့ လက်ရှိ အခြေအနေတွေကြောင့် ကမ်းလှမ်းချက်က ပယ်ချခံရနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version