အခုနှစ် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်ထဲ ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲမှာ ကစားသမားသစ်တွေကို အရေအတွက်များစွာ ခေါ်ယူထားခဲ့တဲ့ တန်းတတ် နော်တင်ဟမ်ဖောရက်စ်အသင်းဟာ အခုလက်ရှိမှာလည်း (၁၆)ယောက်မြောက် ကစားသမားသစ်အဖြစ် ဝုလ်ဗ်အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား မော်ဂန်ဂစ်ဘ်စ်ဝှိုက်ကို ယူရို(၂၉.၅)သန်းနဲ့ ခေါ်ယူလိုက်ပြီး ကျောနံပါတ်(၁၀)ပါ ဝတ်ဆင်စေခဲ့ပါတယ်။

Image

Photo Credit : Twitter

နှစ်ပေါင်း(၂၃)အကြာမှ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ တစ်ကျော့ပြန် ရောက်ရှိလာခဲ့တဲ့ နော်တင်ဟမ်အသင်းဟာ နွေဈေးကွက်အတွင်းမှာ အသင်းအတွက် ကစားသမားတွေကို အများအပြား ခေါ်ယူနေခဲ့ပြီး အခုဆိုရင်ပဲ သူတ်ို့ ခေါ်ယူထားတဲ့ ကစားသမား အရေအတွက်က (၁၆)ယောက်အထိ ရှိနေရပါတယ်။ ဂျက်ဆီလင်ဂတ် ဒင်းဟန်ဒါဆန် ဖရူလာ အာဝိုနီယီ ကူယာတေး နီကိုဝီလီယံစ် ဒန်းနစ် အစရှိတဲ့ ကစားသမားကောင်းတွေကို ခေါ်ယူထားခဲ့တဲ့ နော်တင်ဟမ်အသင်းဟာ ဒီနေ့မှာပဲ အသက်(၂၂)နှစ်အရွယ်ရှိ ဝုလ်ဗ်အသင်းရဲ့ အင်္ဂလန် ကွင်းလယ်တိုက်စစ် ကစားသမား ဂစ်ဘ်စ်ဝှိုက်ကို ခေါ်ယူခဲ့ပြီး (၅)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ပါ ချုပ်ဆိုသွားခဲ့ပါတယ်။

Image

Photo Credit : Twitter

နော်တင်ဟမ်အသင်းဟာ ဂစ်ဘ်စ်ဝှိုက်အပါအဝင် ကစားသမားသစ် (၁၆)ယောက်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၅၀)နီးပါးအထိ အသုံးပြုထားရတာဖြစ်ပြီး လင်ဂတ် ကူယာတေးနဲ့ ဟန်နက်ဆီတို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့သလို ဂိုးသမား ဒင်းဟန်ဒါဆန်ကိုတော့ မန်ချက်စတာယူနိုက်တက်ကနေ အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။ နော်တင်ဟမ်အသင်းက ဂိုးသမားနှစ်ဦး ဘယ်နောက်ခံလူနှစ်ဦး ညာနောက်ခံလူနှစ်ဦး ဗဟိုခံစစ်မှူးတစ်ဦး ကွင်းလယ်လူ(၃)ဦး ကွင်းလယ်ခံစစ်တစ်င်္ဦး ကွင်းလယ်တိုက်စစ်(၄)ဦးနဲ့ တိုက်စစ်မှူးနှစ်ဦးထိ ခေါ်ယူခဲ့ပြီး ဂစ်ဘ်စ်ဝှိုက်ကတော့ နွေဈေးကွက်ရဲ့ တန်ကြေးအမြင့်ဆုံး ကစားသမားတစ်ဦး ဖြစ်ခဲ့ရပါတယ်။ နော်တင်ဟမ်ရဲ့ ကစားသမား ခေါ်ယူမှုက အားရစရာကောင်းတယ် ဆိုတာထက်ကို ကျော်လွန်နေပြီး ကစားသမားတွေကို အလွန်အကျွံ ခေါ်ယူနေသလို ဖြစ်နေရပေမယ့်လည်း နှစ်များစွာအကြာမှ ပြန်လည် တတ်ရောက်ခွင့် ရှိခဲ့တဲ့ ပရီးမီးယားလိဂ်ကနေ အချိန်တိုတောင်းစွာနဲ့ တန်းမဆင်းသွားရဖို့နဲ့ အမှတ်ပေးဇယားမှာ အဆင့်ကောင်းတစ်ခုနဲ့ ရပ်တည်နေနိုင်ဖို့အတွက် အသင်းရဲ့အင်အားကို အကောင်းဆုံး ဖြည့်တင်းတာလို့လည်း ယူဆနိုင်ပါတယ်။ အခုဆိုရင် နော်တင်ဟမ်ဟာ သူတို့ရဲ့အိမ်ကွင်းဖြစ်တဲ့ City Ground မှာပါ ဒီရာသီရဲ့ ပထမဆုံးသော လိဂ်နိုင်ပွဲကို စတင် ရရှိလာခဲ့ပြီ ဖြစ်တာကြောင့် အခုလို ကစားသမား အများအပြား ဖြည့်တင်းထားမှုတွေနဲ့ နော်တင်ဟမ်တို့ ပရီးမီးယားလိဂ်မှာ ဘယ်လောက်အထိ ခရီးနှင်နိုင်မလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်သွားရပါတော့မယ်။