ပရီးမီးယားလိဂ် ပြိုင်ပွဲဆီ ယခုနှစ် ဘောလုံးရာသီမှ တန်းတက်လာနိုင်ခဲ့တဲ့ နန်းကျဘုရင်ဟောင်း နော်တင်ဟမ် ဖောရက်စ်က ယခု နွေဈေးကွက် အတွင်းမှာ ငွေကြေးများစွာ အသုံးပြုပြီး အသင်းကို အင်အားဖြည့်တင်းထားနိုင်ပေမယ့် သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် လိုင်ယွန် ကွင်းလယ်လူ အာဝါကို ထပ်မံ ခေါ်ယူနိုင်တော့မယ်လို့ နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဒီမာဇီယိုက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ပြင်သစ်ကွင်းလယ်လူ ဟူဆန် အာဝါက လိုင်ယွန်ရဲ့ အဓိက ကွင်းလယ်လူ တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်က အာဝါကို ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

ဗဟိုကွင်းလယ်နဲ့ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားနိုင်စွမ်း ရှိတဲ့ အာဝါက ဘောလုံးပေးပို့မှု တိကျသလို ဘောလုံးအမြင် ကောင်းမွန်တဲ့ ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ ဒဏ်ရာပြဿနာတွေကြောင့်သာ အာဆင်နယ်က သူ့ကို ခေါ်ယူမယ့် အစား ယခု နွေဈေးကွက် အတွင်းမှာ ပေါ်တူဂီ လူငယ်ကြယ်ပွင့် ဗီအဲရာကို ပြောင်းလဲ ခေါ်ယူခဲ့တာပါ။

ဒါပေမယ့် နော်တင်ဟမ် ဖောရက်စ်ကတော့ သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်း အတွက် အာဝါကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲက ကြိုးပမ်းနေခဲ့တာ ဖြစ်ပြီး ကနဦးမှာ အာဝါက နော်တင်ဟမ် ဖောရက်စ်ဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးမရှိပေမယ့် နော်တင်ဟမ် ဖောရက်စ်ရဲ့ တာဝန်ရှိသူတွေက အာဝါကို နားချနိုင်ခဲ့တာကြောင့် အာဝါဟာ နော်တင်ဟမ် ဖောရက်စ်ဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်လိုက်တာပါ။

Photo Credit: Sky Sports

နာမည်ကြီး သတင်းထောက် ဒီမာဇီယိုက နော်တင်ဟမ် ဖောရက်စ်ဟာ အာဝါကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း ယနေ့ညနေမှာပဲ ဖော်ပြလာခဲ့ပြီး လိုင်ယွန်က အာဝါအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် တောင်းဆိုထားကြောင်း သိရပါတယ်။